ရှမ်းတပ်မတော် RCSSက တအာင်းကျေးရွာအချို့တွင် တပ်သားစုဆောင်းဟုဆို

ရှမ်းတပ်မတော် RCSSက တအာင်းကျေးရွာအချို့တွင် တပ်သားစုဆောင်းဟုဆို
by -
မဇ္စျိမ

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)က တအာင်းကျေးရွာအချို့အပါအဝင် တိုင်းရင်းသားကျေးရွာအချို့၌ တပ်သားသစ် စုဆောင်းမှုကြောင့် ကျေးရွာပေါင်း ၈၀ခန့်မှ လူငယ် ၂၀၀၀၀ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ပလောင်အမျိုးသမီးအစည်းအရုံး (PWO)နှင့် တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (TSYO)တို့က မတ်လ ၃ရက်က ထုတ်ပြန်လိုက်သည်။

"ထွက်ပြေး နေရတဲ့ လူငယ်တွေ အများကြီးရှိတယ်၊ အဲဒီမှာက ကချင်ကအနည်းစုရှိတယ်။ ဒါပေမဲ့ အများဆုံးက ပလောင်နဲ့ ရှမ်းတွေ ထွက်ပြေးနေတာတွေတော့ ရှိတယ်” ဟု PWO ၏ အထွေထွေအတွင်းရေးမှူး လိုည်းပိုးညိူဝ်းက ပြောသည်။

၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းမှ ယခုထိ RCSS/SSA လက်အောက်ခံ မိုင်းကိုင်မြို့နယ် အခြေစိုက် တပ်မ ၃၃၇ ထိန်းချုပ်နယ်မြေ အမှတ် ၉ ဦးဆောင်သူ စဝ်ဟန်ကျန်မှ တအာင်းကျေးရွာ အပါအဝင် အခြား တိုင်းရင်းသားကျေးရွာများမှ လူငယ်များကို တပ်သားသစ် အတင်းအကျပ် စုဆောင်းသဖြင့် တောတောင်များအတွင်းနှင့် ထိုင်းနယ်စပ်အထိ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု ၎င်းက ဆိုထားသည်။

“ကျွန်တော်တို့ သဘောထားကွဲလွဲလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ ဒီအရင်ကာလတွေမှာတုန်းကတော့ စစ်မှုထမ်းရမယ်ဆိုတဲ့ ပေါ်လစီတော့ ရှိတယ်။ အခုအပစ်အခတ်ရပ်စဲရေး ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ လူထုကို ပညာပေးတာတွေ ရှိတယ်။ အတိုင်းအတာ အချိန်တစ်ခုအနေနဲ့ပေါ့နော်။ နိုင်ငံရေး အသိပညာ လာသင်ပေးတာတို့၊ အခြေခံ စစ်သင်တန်းပေးတာတို့ ရှိပါတယ်။ သူတို့နေအိမ်မှာ ပြန်နေလို့ရပါတယ်။ ကျွန်တော်တို့ အခြေခံ လူထုပညာပေးခြင်း ပဲ ဖြစ်ပါတယ်။ ပြီးတော့ အောက်ခြေတပ်ကလည်း အပြောအဆို မတတ်တာလည်း ဖြစ်ရင်လည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မလို့ အမြင်ကွဲလွဲတာ ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု RCSS/SSA ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သုံး၊ လေးလအတွင်း တပ်သားသစ် စုဆောင်နေမှုနှင့် ပတ်သက်၍ ဒေသခံ ရွာသားများက PWO ထံ လာရောက် တင်ပြခဲ့ခြင်းကြောင့် တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားမှု မရှိစေရန် ယခုကဲ့သို့ ကြေငြာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု PWO ၏ အထွေထွေအတွင်းရေးမှူး လိုည်းပိုးညိူဝ်းက ပြောသည်။

“ကျွန်မတို့ တောင်းဆိုချင်တာကလည်း ကျွန်မတို့ရဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင်တဲ့ လူတွေ ဖြစ်တဲ့ အခါမှာ တိုင်းရင်းသားအချင်းချင်း ကြားထဲမှာလည်း အဲဒီလိုမျိုး ဖိနှိပ်တာမျိုးမလုပ်သင့်ဘူး။ ကျွန်မတို့အနေနဲ့က ဒီလိုလုပ်ရပ်မျိုး မတရားတပ်သားသစ် စုဆောင်းနေတဲ့ဟာတွေကို ဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ ရွာသားတွေရဲ့ ဆန္ဒမပါဘဲ လုပ်နေတာက လူ့အခွင့်အရေးချိုးဖောက်တာပေါ့”ဟု သူက ပြောသည်။

Most read this week