မအူပင် ပညာရေး ဝန်ထမ်း လစာငွေ ၅၀၀၀ တန်အုပ်တွင် စက္ကူများ ညှပ်ပါသည့်အမှု စီအိုင်ဒီ ပူးပေါင်းစစ်ဆေးနေ

မအူပင် ပညာရေး ဝန်ထမ်း လစာငွေ ၅၀၀၀ တန်အုပ်တွင် စက္ကူများ ညှပ်ပါသည့်အမှု စီအိုင်ဒီ ပူးပေါင်းစစ်ဆေးနေ
by -
မဇ္စျိမ

မအူပင်မြို့၊ ပညာရေးဌာနမှ ဖေဖော်ဝါရီလအတွက် လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ယူမှုတွင် ကျပ် ၅၀၀၀တန်ငွေ အုပ်များအတွင်း စက္ကူအလွတ်များ ပါရှိသည့် ဖြစ်စဉ်တွင် အမှုမှန်ပေါ်ပေါက်ရန်အတွက် စီအိုင်ဒီက ပူးပေါင်းစစ်ဆေးနေသည်ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။

“အမှုကိုတော့ စစ်နေပြီ။ စီအိုင်ဒီကလည်း ပူးပေါင်းစစ်ဆေးဆောင်ရွက်နေတယ်၊ ဖြစ်စဉ်မှာ ပါတဲ့ဘဏ်တို့၊ ပညာရေး ဌာနတို့ကို ခေါ်ယူစစ်ဆေးတာမျိုးတွေတော့ လုပ်ဆောင်နေပါပြီ။ ဖမ်းဆီးစစ်တာမျိုးတော့မရှိဘူး” ဟု ဒုရဲမှူးအောင်နိုင်မိုးက မဇ္ဈိမကို ပြောသည်။

မအူပင်မြို ့၊ ပညာရေးဌာနမှ ဖေဖော်ဝါရီလအတွက် လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ယူရာ ကျပ် ၅၀၀၀ တန် ငွေအုပ် ၁၀အုပ်အတွင်း စက္ကူအလွတ် ကျပ်သိန်း ၅၀ ထည့်သွင်းထားသည့် ကိစ္စကို စုံစမ်းဖော်ထုတ်ရန်  ဒုမြို့နယ်ပညာရေးမှူး က ဖေဖော်ဝါရီ ၂၈ရက် ည ၁၀နာရီခွဲတွင်  မအူပင်မြို့နယ်ရဲစခန်း၌ တရားလိုပြု အမှုဖွင့်လိုက်ပြီ ဖြစ်သည်။ အမှုကိုဖေဖော်ဝါရီ ၂၈ရက်နေ့ ည ၁၀နာရီ ၃၅မိနစ်တွင် မြို့နယ်ရဲစခန်းမှ (ပ) ၄၀/၂၀၁၅၊ပြစ်မှု ပုဒ်မ- ၄၂၀ ဖြင့် အမှုလက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကျပ်သိန်း ၅၀တွင် ငွေစက္ကူများအစား စက္ကူများသာ ဖြစ်နေ၍ နယ်မြေ ၃အတွက် ဖေဖော်ဝါရီလအတွက် လစာကိုမူ မူလတန်းသင် ဆရာ၊ဆရာမ ၁၅၁၄ ဦးမှ တစ်ဦးလျှင် ကျပ် ၃၃၀၃ ကျခံထားရသည်ဟု မအူပင်မြို့နယ် ပညာရေးမှူး ဦးမြင့်စိုးက မဇ္ဈိမကို ပြောထားသည်။

ဖေဖော်ဝါရီလ ၂၇ရက်က ပညာရေးဝန်ထမ်းများအတွက် လစာထုတ်ပေးရန် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမြင့်စိုး ဦးဆောင်သည့်အဖွဲ့က မြန်မာ့စီးပွားရေးဘဏ်မှ ငွေများထုတ်ယူခဲ့ပြီးနောက် ကျောင်းအလိုက်နယ်မြေများ ခွဲဝေထုတ်ပေးခဲ့ရာ ၎င်းတို့ယူသည့် ငွေများထဲမှ ကျပ် ၅၀၀၀တန် ငွေ ၁၀အုပ် တစ်စည်းတွင် အပေါ်အောက် ငါးထောင်တန် နှစ်ရွက်မှအပ စက္ကူများသာ ဖြစ်နေသည်ဟု ဖုန်းဆက်အကြောင်းကြားလာသဖြင့် ချက်ချင်းယူကာ ဘဏ်သို့သွားရောက် အကြောင်းကြားခဲ့ သည်ဟု မအူပင်မြို့နယ် ဒုတိယပညာရေးမှူး ဦးမြင့်စိုးက ရှင်းပြသည်။

အဆိုပါ မြို့နယ်မှ အခြေခံပညာရေး ဝန်ထမ်းများအတွက် လစာငွေ စုစုပေါင်း ကျပ်သိန်း ၂၀၁၀ ကျော်ကို မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ယူခဲ့ခြင်း ဖြစ်ပြီး၊ ထုတ်ယူပြီး ငွေများကို နယ်မြေ ၄ခုသို့ ပြန်လည် ခွဲဝေပေးအပ်ခဲ့ရာတွင် နယ်မြေတစ်ခုတွင် အဆိုပါ စက္ကူထုတ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျပ်သိန်း ၅၀ တန်ဖိုးနှင့် ညီမျှသည့် စက္ကူထုတ်နှင့် ပတ်သက်၍ ခေါင်းဆောင် များထံ ပြန်လည်ပေးအပ်ခဲ့သည်ဟု ဦးမြင့်စိုးက ဆိုသည်။

Most read this week