၂၀၁၅ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း လူကုန်ကူးမှု ၁၃ မှုဖြစ်ပွား

၂၀၁၅ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း လူကုန်ကူးမှု ၁၃ မှုဖြစ်ပွား
by -
မဇ္စျိမ

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အထိ လူကုန်ကူးမှု ၁၃မှုဖြစ်ပွားခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

လူကုန်ကူးမှု ၁၃မှုအနက် အဓမ္မလက်ထပ်ရန် လူကုန်ကူးမှု ၁၀မှု၊ ပြည့်တန်ဆာအဖြစ်ခိုင်းစေရန် တစ်မှုနှင့် အခြားအကြောင်းအရာအတွက် နှစ်မှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ

ယင်းလူကုန်ကူးမှုများမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၁၀မှု ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ၂မှုနှင့်  ပြည်တွင်းတွင် လူကုန်ကူးမှု ၁ မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဒုရဲမှူးကြီး မင်းနိုင်က “တရုတ်နိုင်ငံကိုလူကုန်ကူးခံရတာမှာ တချို့ သိရဲ့နဲ့ သွားကြတာတွေရှိတယ်။ တစ်ချို့ မာဆက်တို့ ဘာတို့မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေဆိုရင် အဲ့ဒီဘက်ကို သိရဲ့သားနဲ့ သွားကြတာရှိတယ်” ဟု ပြောသည်။

လူကုန်ကူးမှု ၁၃မှုတွင် လူကြီး ရ၂ဦး၊ လူငယ်ငါးဦးနှင့် ကလေးနှစ်ဦးတို့ လူကုန်ကူးခံခဲ့ရပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ခင်မောင်လှက “တရုတ်မှာက လူကုန်ကူးမှုဥပဒေမရှိတော့ လူကုန်ကူးနဲ့ပတ်သက်ပြီး ဖမ်းမိရင် ဒီဘက်ကိုတန်းလွှဲပေးတယ်။ ထိုင်းမှာကတော့ လူကုန်ကူးမှု ဥပဒေရှိတော့ သူတို့ဘက်မှာ အရေးယူဆောင်ရွက်တာတွေလုပ်ပြီးမှ ဒီဘက်ကိုလွဲပေးတယ်။ အဲ့တာကြောင့် တရုတ်မှာ ဖြစ်တဲ့အမှုက စာရင်းမှာ ပိုများတာပါ” ဟု ပြောသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီလအတွင်း လူကုန်ကူးမှု ရမှုနှင့် ဖေဖော်ဝါရီလတွင် လူကုန်ကူးမှု ၆မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  အများစုမှာ တရုတ်နိုင်ငံသို့ ဦးတည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှု အမျိုးအစားတွင်လည်း အဓမ္မလက်ထပ်ရန် လူကုန်ကူးခံရမှုမှာ အများဆုံးဖြစ်သည်။ ၂၀၁၅ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနသာင်္ရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် လူကုန်ကူးမှုဖြစ်ပွားခြင်း မရှိခဲ့ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

ဇန်နဝါရီလအတွင်းဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများကို ကျူးလွန်ခဲ့သည့်တရားခံ ၁၂ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၃ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။ ၂၀၁၄ခုနှစ်တွင် လူကုန်ကူးမှု စုစုပေါင်း ၁၂၄မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးမှု ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ပွားသည့် ပြည်နယ်မှာ ကယားပြည်နယ်နှင့် ချင်းပြည်နယ်ဖြစ်ပြီး ၂၀၀၆ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လူကုန်ကူးမှု ဖြစ်ပွားခဲ့ခြင်း မရှိဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

လူကုန်ကူးမှုဖြင့် ၂၀၁၄ခုနှစ်တွင် တရားခံ  ၃၆၇ယောက်အနက် ၂၄၅ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၁၁၇ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်သည်။ ၂၀၁၄ခုနှစ်တွင်  လူကုန်ကူးခံရသူ ၃၀၉ဦး အနက် ၂၄၁ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၆၈ဦးကို ကယ်တင်နိုင်ခြင်းမရှိသေးပေ။