မတ်လ ၂ရက်တွင် ကျရောက်သော တောင်သူလယ်သမားနေ့တွင် သမ္မတဦးသိန်းစိန်က "လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆထက်ထမ်းပိုး ပိုမိုတိုးတက်ဖြစ်ထွန်းအောင်မြင်ကြပါစေ"ဟု ဆုတောင်းစကား ပြောကြားခြင်း အပေါ် လယ်ယာမြေပြသနာများ ဖြေရှင်းနိုင်မှသာ လက်တွေ့ဖြစ်နိုင်မည်ဟု တောင်သူလယ်သမား အရေး ဆောင်ရွက်သူများက ထောက်ပြပြောဆိုလိုက်သည်။
သမ္မတ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆုတောင်းစကားနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် နစ်နာမှုများမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးမင်းသူက "လယ်ယာကဏ္ဍ စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ဖို့ လယ်ယာမြေတွေ တောင်သူတွေလက်ထဲမှာ ရှိဖို့ လိုပါတယ်။ အဓိကကျတဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘဲ ဆုတောင်းစကားဆိုတာဟာ အပေါ်ယံလုပ်ပြတာ လောက်ပဲ ရှိပါတယ်"ဟု ဝေဖန်လိုက်သည်။
လယ်ယာမြေပြဿနာများသည် မြန်မာနိုင်ငံ၏ စိန်ခေါ်ချက်တစ်ခုဖြစ်နေချိန်တွင် တောင်သူလယ်သမားနေ့ တွင် ပေးပို့သော သမ္မတ၏ သဝဏ်လွှာတွင် လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ထည့်သွင်းပြောဆိုထားခြင်း မရှိပေ။
လက်ရှိတွင် တပ်မတော်က သိမ်းဆည်းထားသော လယ်ယာများနှင့် စီမံကိန်းများအတွက် သိမ်းဆည်းထားသော လယ်ယာမြေများ တောင်သူများထံ ပြန်လည်အပ်နှံမှုမှာ ၁ဝရာခိုင်နှုန်း အောက်တွင်သာရှိသည်ဟု လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးမင်းသူက ပြောသည်။
သမ္မတသဝဏ်လွှာတွင် "တောင်သူလယ်သမားများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ထင်ရှားမြင်သာသော အောင်မြင်မှုများ အထိုက်အလျောက် ရရှိခဲ့ပြီးဖြစ်သည်"ဟု လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ် သုံးသပ်ထားသည်။
လယ်ယာမြေ လက်ဝယ်ပိုင်ဆိုင်ပြီး လက်တွေ့လုပ်ကိုင်နေသော တောင်သူလယ်သမားများ၏ လိုအပ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက "လယ်ယာကဏ္ဍက အထွက်နှုန်း မတိုးဘူး။ ကုန်ကျစရိတ်တွေ တိုးလာတယ်၊ စျေးကွက်မရှိဘူး။ အစိုးရက ချေးငွေထုတ်ချေးပေးတာရှိပေမယ့် ရာသီဥတုဖောက်ပြန်တာ သီးနှံမဖြစ်ထွန်းတာတွေကြောင့် ဒီချေးငွေကိုပြန်ဆပ်ဖို့ လယ်ရောင်းရတာမျိုးတွေ ဖြစ်လာတယ်"ဟု သုံးသပ်သည်။
အစိုးရက သီးနှံထုတ်လုပ်မှုအတွက် တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သော ခေတ်မီစိုက်ပျိုးရေး နည်းပညာများ၊ ရာသီဥတုနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ လယ်ယာကဏ္ဍ ဖျော်ဖြေရေး အစီအစဉ်များ၊ တောင်သူများကို ဂုဏ်ပြုသောအားဖြင့် ရေးစပ်သီကုံးသော ဂုဏ်ပြုသီချင်းပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးလျက်ရှိသည်ဟုလည်း သမ္မတ၏သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ် အလံကွဲကျေးရွာ၌ နေထိုင်သူဖြစ်ပြီး တပ်မတော်ခဲယမ်းမီးကျောက်တပ်က ၎င်း၏ လယ်ယာမြေများ သိမ်းဆည်းခံရသူ ကိုညိုထွန်းက "သဝဏ်လွှာပေးတာ ဘာမှလုပ်လို့မရဘူး၊ ကျွန်တော်တို့ လိုချင်တာ ကျွန်တော်တို့လယ်တွေ၊ ကမ႓ာနဲ့ ရင်ဘောင်တန်းတာ ထားဦး၊ ထမင်းနပ်မှန်ဖို့ အရင်ဖြေရှင်းပေးဖို့ လိုတယ်"ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကို ဖြေရှင်းပေးနိုင်ရေး အတွက် ဒု-သမ္မတ ဦးဉာဏ်ထွန်းဦးဆောင်သော အမျိုးသားမြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်များကို ဖွဲ့စည်းထားသည်။
လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးမင်းသူက "ဒီနေ့အထိ အကောင်အထည်ဖော်ခြင်းမရှိတဲ့ လယ်ယာတွေ တောင်သူတွေဆီပြန်ပေးဖို့၊ ဥပဒေနဲ့အညီ နစ်နာကြေးပေးဖို့ကိစ္စတွေဟာ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကမှာ လုံးဝတာဝန်ရှိတယ်။ တောင်သူလယ်သမားနေ့သဝဏ်လွှာမှာ ဒီလိုအချက်တွေကို ရှင်းရှင်းလင်းလင်း ထည့်သွင်းမှ လယ်ယာကဏ္ဍဖွ့ံဖြိုးရေး ဆိုတာ မျှော်လင့်လို့ရမယ်"ဟု ဆိုသည်။
သိမ်းဆည်းထားသော လယ်ယာများကို ပြန်လည်စွန့်လွှတ်မှုများရှိသော်လည်း အောက်ခြေတွင် ပြေလည်မှု မရှိသေးပေ။ ထို့ပြင် တောင်သူများကို ဖမ်းဆီးထောင်ချခြင်းနှင့် လယ်ယာမြေအတွင်းမှ ဖယ်ရှားစေခြင်းများလည်း ရှိသည်။