ထောက်လှမ်းရေးအကြီးအကဲဟောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေး မှူးဟောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းမှသည် နေအိမ်အကျဉ်းစံဘဝအထိ ရောက်ရှိခဲ့သူ ဦးခင်ညွန့်က "ကြံုတွေ့ခဲ့ရသော ကျွန်တော့်ဘဝအထွေထွေ" ဟု အမည်ရသည့် စာအုပ်ကို မတ်လ ၁ရက်တွင် ထုတ်ဝေ ဖြန့်ချိလိုက်သည်။
မှော်ဝန်းသား ဦးခင်ညွန့်ဟု ကလောင်အမည်ပေးထားပြီး စာအုပ်ရေးသားရန် အကြိမ်ကြိမ် စဉ်းစားခဲ့ရသည်ဟု အမှာစကားတွင် ရေးသားဖေါ်ပြထားပြီး အမှာစာ ခေါင်းစဉ်ကို "စာရေးသူ၏ မေတ္တာရှေ့ထား အမှာစကား" ဟု ခေါင်းစဉ်တပ်ရေးသားထားသည်။ ကိုယ်တွေ့ကြံုခဲ့ရသည်များကို နောင်လာနောက်သားများ သင်ခန်းစာယူရန်နှင့် "လူငယ်လူရွယ်တို့ သမိုင်းကြောင်း အမှန်ကို သိစေလိုသော ဆန္ဒသဘောထားဖြင့် ဤစာအုပ်ကို ထုတ်ဝေနိုင်ခဲ့ခြင်းဖြစ်သည်" ဟု ရေးသားထားသည်။
ထောက်လှမ်းရေး အကြီးအကဲဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးခင်ညွန့်က "အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့၏ မူဝါဒလမ်းစဉ်ကို အကောင်အထည်ဖော်ရာတွင် ကိုယ်ထင်ရာစိုင်း၍မရပါ။ အစိုးရအဖွဲ့က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်အတိုင်း အကောင်အထည်ဖေါ် ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် အများပြည်သူ ကြိုက်တာ ရှိသလို မကြိုက်တာလည်း ရှိနိုင်ပါသည်" ဟု အမှာစာတွင် ဖေါ်ပြထားသည်။
ဦးခင်ညွန့် တာဝန်ယူခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီလက်ထက်ကို ရည်ညွှန်းလျက် "လုပ်ငန်းများ အကောင်အထည်ဖေါ်ရာတွင် ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ကျင့်ကြံလုပ်ဆောင်ခြင်းသည်သာ အဓိက ဖြစ်ပါသည်။ ပြည်သူတွေအပေါ် စေတနာအပြည့်၊ မေတ္တာ အပြည့်ထားပြီး ဆောင်ရွက်ခြင်းသည်သာ ပဓာနကျသည်ဟု ထင်မြင်ပါသည်" ဟုလည်း အမှာစာတွင်ရေးသားထားသည်။
ဤစာအုပ်ပါ အကြောင်းအရာများကို ကိုယ်ရေသွေးကာ အကောင်းချည်းသာ ရေးသားထားခြင်းမဟုတ်ဟု လည်း ဝန်ကြီးချုပ်ဟောင်း၊ နေအိမ်အကျဉ်းပြန် ဦးခင်ညွန့်က ဆိုသည်။