အစိုးရတပ်နှင့် ကိုးကန့်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ပြီးနောက် လောက်ကိုင်-ကုန်ကြမ်း လမ်းအပါအဝင် တောင်ကုန်း ၆ခုကို အစိုးရတပ်က ပြန်သိမ်း

အစိုးရတပ်နှင့် ကိုးကန့်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ပြီးနောက် လောက်ကိုင်-ကုန်ကြမ်း လမ်းအပါအဝင် တောင်ကုန်း ၆ခုကို အစိုးရတပ်က ပြန်သိမ်း
by -
မဇ္စျိမ

အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် အကြား မတ်လ ၁ရက် ညနေပိုင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်၂၃မိုင်အနီး စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများနှင့် နယ်နိမိတ်မှတ်တိုင် ၁၂၉ အနီး ပွိုင့် ၁၃၁၉တောင်ကုန်းအပါအဝင် တောင်ကုန်း ၆ခုကို အစိုးရတပ်မတော်မှ  ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဦး စီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၁ရက် နံနက်ပိုင်းမှာပင် ကိုးကန့်လက်နက်ကိုင်များ စိုးမိုးထားသည့် လောက်ကိုင်-ကုန်ကြမ်း ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း အစိုးရတပ်က ပြန်လည်သိမ်းပိုက်နိုင်သဖြင့် လုံခြံုစိတ်ချစွာ ဖြတ်သန်း သွားလာနိုင်ပြီဟု ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၈ရက်က လောက်ကိုင်ဒေသအတွင်း အစိုးရတပ်က နယ်မြေရှင်းလင်းရာ နားပန်ကျေးရွာရှိ အဆောက်အအုံတစ်ခုအတွင်း အမ်-၂၂ ကျည် ၆၀တောင့်၊ ဘယ်ရီကပ်ဦးထုပ် ၂လုံး၊ ဓါတ်ပုံ အယ်လ်ဘမ် ၁ခုနှင့် မော်တော်ယာဉ် ၂စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထိုနေ့ မှာပင် လောက်ကိုင်မြို့ အနောက်တောင် ဘက် ဝန်းကျင်တွင် ကိုးကန့်လက်နက်ကိုင်အချို့နှင့် တွေ့ဆုံစဉ် တိုက်ပွဲများ ဖြစ်ပွာခဲ့သဖြင့် အလောင်း ၁လောင်း၊ အမ်-၂၃ စက်လက်နက် ၁လက်၊ ပစ္စတို ၁လက်၊ ပွိုင့် ၂၂ ရိုင်ဖယ် ၁လက်၊ တိုက်မိုင်း ၂လုံး၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ယမ်းကြိုးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ထို့နေ့ မွန်းလွဲပိုင်းတွင် မသင်္ကာဖွယ် လူလေးဦးအား စစ်ဆေးစဉ် ထွက်ပြေးတိမ်းရှောင်သဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦး သေဆုံးပြီး သုံးဦး အရှင်ဖမ်းဆီးရမိခြင်း၊ ထပ်မံ၍ စင်ကျိုင်းရွာတစ်ဝိုက် လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် ၁၅ ဦးအား တွေ့ဆုံစစ်ဆေးစဉ် ပြန်လည်တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံး ၂ဦး ဒဏ်ရာရရှိပြီး ၁၂ဦးအား ဖမ်းဆီးရရှိထားကြောင်း ထုတ်ပြန်ထားသည်။

စစ်အုပ်ချုပ်ရေးဖြင့် ထိန်းသိမ်းထားသည့် ကိုးကန့်ဒေသကို တည်ငြိမ်အေးချမ်းအောင် ထိန်းချုပ်လာနိုင်ပြီဟု သမ္မတဦးသိန်းစိန်က မတ်လ ၁ရက် မိန့်ခွန်းတွင် ပြောကြားလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းနှင့် အင်အားသုံးဖြေရှင်းမှုကို ရှောင်လွှဲရန် ပြောကြားခဲ့သေးသည်။ ယင်းအပြင် လောက်ကိုင်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစီအမံများ စီစဉ်နေပြီဟုလည်း ဆိုသည်။

လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီ ၉ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် အစိုးရ တပ်မတော်ကြား ဖေဖော်ဝါရီ ၉ရက်က စ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများ ရှိကာ ဒုက္ခသည် ထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်။

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရန် ဖေဖော်ဝါရီ ၁၇ရက်တွင် သမ္မတအမိန့်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်က လုပ်ငန်းတာဝန်များကို လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဖြစ်သည့် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦး၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည်။