ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရန် တိကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း မရှိခဲ့သည့် ၁ဝကြိမ်မြောက်ပြည်ထောင်စု လွှတ်တော် အစည်းအဝေး စောင့်ကြည့်လေ့လာထားသည့် အစီရင်ခံစာကို မတ်လတွင် ထုတ်ပြန်မည်ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးကျော်က ဖေဖော် ဝါရီ ၂၇ရက်တွင် မဇ္ဈိမ ကိုပြောသည်။
၄င်းက ''ရှေ့က အကြိမ်တွေထက် ပိုအချိန်ပေး၊ ဦးစားပေးတယ် အကြောင်းအရာကို။ ဒါပေမယ့် လွှတ်တော်အတွင်း ပြင်နိုင်တဲ့ အချက်တွေကို အချိန်ကာလတစ်ခု အပြီးလုပ်ဖို့ ဆုံးဖြတ်တာ မရှိဘူး'' ဟုဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆိုသည်။
ပြည်ထောင်စု လွှတ်တော် အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့၏ ပထမအကြိမ်မှ နဝမအကြိမ်ထိ စုပေါင်းစောင့်ကြည့်မှုများကို သုံးကြိမ်အထိ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ၁ဝကြိမ်မြောက် လွှတ်တော်အစည်းအဝေး တစ်ခုကိုသာ စောင့်ကြည့်လေ့လာသည့် လေးကြိမ်မြောက်အစီရင်ခံစာကိုမူ မတ်လဆန်းတွင် ထုတ်ပြန်မည်ဖြစ်သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရမည့် ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ ၄၉ခုအပြင် လွှတ်တော်အတွင်း ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မများကိုပင် လက်ရှိအချိန်ထိ မည်သို့ပြင်ဆင်မည်ကို ကိုယ်စားလှယ်အများစု သိရှိခြင်း မရှိပေ။
ဥတ္တရသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ''ဖွဲ့စည်းပုံပြင်ဖို့ အခုပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ဥပဒေထုတ်တယ်။ ဒီလောက်ပါပဲ၊ တခြားဘယ်ဟာတွေကို ပြင်မလဲဆိုတာတော့ လွှတ်တော်မူ အရ ကော်မတီကလွဲပြီး ဘယ်သူမှ မသိရသေးဘူး''ဟု ဆိုသည်။
၂ဝ၁၆ ခုနှစ်၊ မတ်လအကုန်တွင် လွှတ်တော်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း သက်တမ်းမကုန်မီ ခြောက် လအတွင်း အတိုင်းအတာ တစ်ခုအထိ ပြင်ဆင်ပြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်ရပ်ကို ရရှိအောင်ဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။
ယင်းအတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကို ၂ဝ၁၅ခုနှစ် ၊အောက်တိုဘာနောက်ဆုံး အပတ်နှင့် နိုဝင်ဘာ ပထမအပတ်အကြားတွင် ကျင်းပပေးမည်ဟု ကော်မရှင်က မှတ်ပုံတင်ခွင့် ခွင့်ပြုထားသည့်နိုင်ငံရေး ပါတီ ရ၁ပါတီနှင့် ပြည်သူအားလုံးကို ကတိပြုထားသည်။