ဒက္ခိဏသီရိမြို့နယ်၊ တမာပင်ကုန်းကျေးရွာနေ အသက် ၈၈နှစ်ရှိ အဘွားဒေါ်တင် လှိုင်နေထိုင်သည့် အိမ်နေရာသည် ကျုးကျော်ဟုဆိုကာ နေပြည်တော်စည်ပင်တရားရုံးက ထောင်ဒဏ်တစ်လ အပြစ်ပေးခဲ့သည့်အတွက် နိုင်ငံတော် သမ္မတက ရုပ်မြင်သံကြားနှင့်ရေဒီယိုတို့တွင ်ပြောကြားနေသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုသည့် စကားမှာ ဆင်းရဲသားများကို ထောင်သွင်း အကျဉ်းချနေသကဲ့ သို့ဖြစ်နေသည်ဟု ဒေါ်တင်လှိုင်က တရားရုံးသို့ မဝင်မီ မီဒီယာများကို ပြောသည်။
အဘွားအိုက ''အသက် ၈၈နှစ်ထိ ဒီလိုကြံုတာ ပထမဆုံးပဲ၊ သမ္မတကြီးနဲ့တွေ့ ရင်ပြောချင်တာက မြန်မာပြည်ပေါက် ဗုဒ္ဓ ဘာသာ တစ်ယောက် ဗမာလူမျိုးက ကိုယ်ဝယ်ထား တဲ့အကွက်ထဲ မနေရဘူး။ ကျွန်မတို့ ဆင်းရဲသား ပပျောက်ရေးဆို ပြီးတော့ ဘယ်မှာ ဆင်းရဲသားပပျောက်လို့လဲ။ သမ္မတကြီး ကျွန်မတို့ ဆင်းရဲသားတွေအပေါ်မှာ ဘယ်လို စီစဉ် လုပ်ထား တာတုန်း လို့မေးချင်တာ'' ဟုဆိုသည်။
ထို့အပြင် မည်သူ့အား အဖေခေါ်ရမှန်း မသိ၊ တရားရုံးတွင်လည်း မည်သို့မှရှင်းပြခွင့်မရဘဲ စည်ပင်သာယာ ဥပဒေ ပုဒ်မ- ၂၆ ဖြင့် တရားစွဲထောင်ချခံနေရပြီး သမ္မတ မိန့် ခွန်းနှင့် တကယ့်အဖြစ်အပျက်များသည် တခြားစီဖြစ်နေကြောင်းလည်း အဘွားအိုက ဝေဖန်လိုက်သည်။
၄င်းက ''ဆင်းရဲမှု ပပျောက်ရေးဆိုပြီးတော့ သူတို့ကျတော့ တိုက်နဲ့ကားနဲ့နေလို့ ကျွန်မတို့ကျတော့ နင်းပြားဖြစ်ပြီး ထောင် ခဏခဏ ချနေတာ။ အိမ်မှာလာကြည့်လှည့်ပါ၊ အိုးပေါက်နဲ့ ခွက်ပေါက်နဲ့ ချက်စားနေရတာ၊ ကျွန်မတို့နေရတဲ့ အိမ်နဲ့ စားသောက်ရတဲ့ ဘဝကိုပြလိုက်ချင်တာ'' ဟုပြောသည်။
ဒေါ်တင်လှိုင်သည် ၂ဝဝ၉ ခုနှစ်တွင် ၄င်းမြို့နယ် တမာပင်ကုန်းရွာသား တစ်ဦးထံမှ မိမိ သက်တမ်းကုန်သည်အထိ နေထိုင်ရန် အိမ်ဝိုင်းတစ်ဝိုင်းဝယ်ယူခဲ့ပြီး တဲအိမ်တစ်လုံးဆောက်ကာ ယနေ့အထိနေထိုင်ခဲ့သည်ဟုဆို၏။ စည်ပင်ပိုင်နက်မြေအပေါ် ကျူးကျော်သည်ဟု တရားစွဲခံရကာ ရုံးချိန်း ၁ဝ ချိန်းအပြီး ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်။
လယ်ဝေးမြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ နယ်မြေ (၁၃)၊ ရှမ်းစုအုပ်စု၊ ကြို့ပင်ရွာသူ ဒေါ်ညိုသည်လည်း မိမိပိုင်လယ်မြေ ၂၁ ဧကပေါ်တွင် နှစ်ပေါင်းလေးဆယ်ကြာနေထိုင်ခဲ့သော်လည်း ကျူးကျော်ဟုဆိုကာ နေပြည်တော် စည်ပင်တရားရုံးက စည်ပင် ဥပဒေ ပုဒ်မ ၂၆ဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင်ထောင်ဒဏ် တစ်လ အပြစ်ပေးခံခဲ့ရပြီးသော်လည်း ထောင်က လွှတ်လာပြီး ရက်ပေါင်းနှစ်ဆယ်သာကြာချိန် စည်ပင်ဥပဒေ ပုဒ် မ ၂၇ဖြင့် ထပ်မံတရားစွဲခံရကာ အဆိုပါ တရားရုံးသို့ ရုံးချိန်းရောက်ရှိနေသည်ကို တွေ့ရသည်။ပုံ - ဦးထွန်းလွင် ဖေ့စ်ဘုတ်