သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ မိုင်းယန်းမြို့တွင် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်ထွန်းဦးက ဝ၊ မိုင်းလားနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့၏ အကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့ အဖွဲ့များအား တစ်နေ့တစ်ချိန်ချိန်တွင် တိုက်ခိုက် ချေမှုန်းပစ်ရမည်ဟု ပြော ဆိုခဲ့ကြောင်း သိရသည်။
“မိုင်းလားတပ်ဖွဲ့က ဦးဖုန်ကြားရှင်ကို ထောက်ပံ့မှုပေးနေတယ်။ တပ်မမှူးအဆင့်ဦးဆောင်တဲ့ တပ်ဖွဲ့တစ်ခု ကိုးကန့်သောင်းကျန်းသူတွေကို စစ်ကူပေးနေတယ်။ ယောက္ခထီးဖြစ်သူ ဖုန်ကြားရှင်ကို မိုင်းလားခေါင်းဆောင် စိုင်းလင်းက လက်ခံထားတယ်။ ၀ တပ်ဖွဲ့ဆိုတာကလဲ ဒီလိုဘဲ ကွန်မြူနစ်လက်ကျန်တွေ။ မိုင်းဖျန်၊ မိုင်းပေါက်၊ ပန်ဆန်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ပြီး ထိုင်း၊ တရုတ် နဲ့ မြန်မာပြည်ကို ပို့ရောင်းနေတယ်။ မကြာခင်တုန်းက မိုင်းဖြတ်မှာ ဖမ်းမိတယ် ၀ တပ်မှူးနဲ့အတူ ဘိန်းဖြူတွေ --- စတာတွေပြောသွားတယ် ” ဟု အစည်းဝေး တက်ရောက်သူတဦးကပြောသည်။
မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ ထိုသို့တွေ့ဆုံစဉ် တိုင်းမှူးက ဦးစွာမိတ်ဆက်စကား ပြောဆိုပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ၀ ၊ မိုင်းလား၊ ကိုးကန့်တို့အား တရုတ်ကွန်မြူနစ်လက်ကျန် မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသည့် တပ်ဖွဲ့များဖြစ်ကြောင်း ပုတ်ခတ်ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲ တက်ရောက်သည့် အမည် မဖေါ်လိုသူ ဝန်ထမ်းတစ်ဦးကလည်း ပြောသည်။
“အာစီအက်အက် (RCSS) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတဲ့။ နာမည်ကိုက ဟုတ်ကိုမဟုတ်ဘူး။ ဘာကိုထူထောင်မလဲ။ တိုင်းပြည်တခုမှာ တပ်မတော်တခု၊ အုပ်ချုပ်မင်းလုပ်တဲ့ အစိုးရလဲ တစ်ခုတည်းပဲရှိ ရမယ်။ ဒီတိုင်းသွားမယ်ဆိုရင် မရဘူး။ တနေ့နေ့ ရှင်းပစ်ရ မှာပဲ” စသဖြင့် ဆက်ပြောသည်ဟု ဆိုသည်။
အဆိုပါတွေ့ဆုံပွဲတွင် တိုင်းမှူး ဗိုလ်ချုပ်မြတ်ထွန်းဦးက ၎င်းသည် သျှမ်းပြည်မှာ တာဝန်ထမ်းဆောင်လာ ရသည်မှာ ၁၀နှစ်ကျော်နေပြီဖြစ်ကြောင်း၊ သျှမ်းပြည်အရှေ့ပိုင်းမရောက်ခင် သိန္နီ စကခ ၁၆တွင် ၂နှစ်ကျော်၊ မိုင်းဖြတ် စကခ ၁၈ တွင် ၃-၄နှစ် တာဝန်ထမ်းဆောင်ပြီး လက်ရှိကျိုင်းတုံ စစ်တိုင်းရုံးတွင် ၄နှစ်ကျော်တာဝန်ထမ်းဆောင်သည်ဟု တက်ရောက်သည့် ဝန်ထမ်းများသိရှိစေရန် မိတ်ဆက်စကား ဆိုခဲ့ကြောင်း သိရပါသည်။