နမ့်ခမ်းတွင် ဌာနေပြည်သူ့စစ် တပ်ဖွဲ့များ သတ္တု လုပ်ငန်းပြန်စရန် ကြိုးစားနေ

နမ့်ခမ်းတွင် ဌာနေပြည်သူ့စစ် တပ်ဖွဲ့များ သတ္တု လုပ်ငန်းပြန်စရန် ကြိုးစားနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ငွေကမ္ဘာကျော်ကုမ္မဏီမှ သတ္တုကျောက်တူးဖော် တင်ပို့ရောင်းချမှုကို တားမြစ်ပေးရန် မြို့နယ် အုပ်ချုပ်ရေးရုံးသို့ ဖေဖော်ဝါရီ ၂၅ရက်နေ့ ညနေ ၆နာရီက နမ့်ခမ်းမြို့ရှိ SNLD ကျားခေါင်းပါတီနှင့် SNDP ကျားဖြူပါတီတို့မှ တာဝန်ရှိသူများနှင့် တောင်သူလယ်သမားအဖွဲ့များ စုစုပေါင်း (၃၀)ဦး ထက်မနည်းက သွားရောက် တင်ပြခဲ့ကြသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်မှူး ဦးမောင်အေးတို့အား ထိုသို့ သွားရောက်တွေ့ဆုံရာ၌ သတ္တုတူးဖော်ရေးလုပ်ငန်း ထာဝရရပ်တန့်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း SNLD ကျားခေါင်းပါတီ အတွင်းရေးမှူး ဦးစိုင်းထွန်းလှိုင်က ဆိုသည်။

SHAN-PM-270201

“ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို သွားရောက်တွေ့ဆုံပြီး နောက်တစ်ရက်မှာပဲ သတ္တုကျောက်တင်ကား အလွတ်အစီး ၃၀လောက်ကို လက်နက်အပြည့်အစုံနဲ့ ကောင်းခါးပြည်သူ့စစ် ကား၃စီးစာက လုံခြုံရေးအဖြစ် လိုက်ပါပြီးတော့ ဟွေ့အို့ရွာမှာရှိတဲ့  သတ္တုတူးဖော်ရေးစခန်းရှိတဲ့ဘက်ကို မောင်းနှင်သွားတာ ကျနော်တို့ လူငယ်တွေက တွေ့ရပါတယ်” ဟု ၄င်းက သျှမ်းသံတော်အား ပြောသည်။

နမ့်ခမ်းမြို့နယ် ပန်ခါးကျေးရွာတွင် သတ္တုတူးဖော်မှုကြောင့်  စိုက်ပျိုးရေးအတွက် ဒေသခံများ အသုံးပြုသော နမ့်ဆီးရီးချောင်း တိမ်ကောပျက်စီးနေပြီး ချောင်းတစ်လျှောက်ရှိ လယ်မြေ ဧကပေါင်း ၃၀၀ထက်မနည်း စိုက်ပျိုးမှု မဖြစ်ထွန်းတော့ကြောင်း၊ ယခုလည်း နမ့်ခမ်းမြို့ အနောက်တောင်ဘက်ရှိ ဟွေ့အို့သတ္တုတူးဖော်ရေးလုပ်ငန်းကို သက်ဆိုင်ရာမှ လုပ်ခွင့်ပေးမည်ဆိုပါက နမ့်မချောင်းတစ်လျှောက်ရှိ လယ်မြေဧက ပျက်စီးဆုံးရှုံးမှုမှာ ယခင် နမ့်ဆီးရီးချောင်းတလျှောက်ရှိ ပျက်စီးဆုံးရှုံးမှုထက် ပိုများမည်ဖြစ်ကြောင်း ဒေသတွင်း လယ်သမားခေါင်းဆောင် စိုင်းဆမ်မွန်က ဆိုသည်။

“ကျနော်တို့ ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားက  ဟွေ့အို့ဘက်က သတ္တုကျောက်တွေကို တစ်ဘက် နိုင်ငံတင်ပို့ဖို့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ လုံခြုံရေးယူခိုင်းပြီး လုပ်နေတယ်ဆိုတော့ ဒါဟာသက်သက်မဲ့ ကျနော်တို့ ဒေသခံပြည်သူကို စော်ကားရာကျပါတယ် ” ဟု ၄င်းက ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်မှု ရပ်တန့်ရေးအတွက် ဒေသခံပြည်သူလူထုနှင့် တောင်သူလယ်သမား အဖွဲ့များ ပူးပေါင်းသည့် အင်အား (၄၀၀၀)ခန့်သည် ၂၀၁၄ခု စက်တင်ဘာလ ၅ရက်နေ့၌ ဆန္ဒထုတ်ဖော် ခဲ့ပြီး ဖြစ်ကြောင်း၊ ဆန္ဒပြပြီး နောက်ပိုင်း သတ္တုတူးဖော်မှု ယာယီရပ်ဆိုင်းရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ကိုယ်တိုင် အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်ပြီး သျှမ်းပြည်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းကလည်း နမ့်ခမ်းမြို့သို့ရောက်ရှိစဉ်   ပြည်သူလူထု၏ သဘောထားမပါပဲ သတ္တုတူးဖော်ခွင့်မပြုကြောင်း  ပြောဆိုခဲ့ ဖူးပါသည်။

Most read this week