သံလွင်မြစ်အတွင်း သောင်တူး၊ သဲစုပ်ယူသည့် ရင်းနှီးမြုပ်နှံမှုကို စောင့်ကြည့်သည့်အဖွဲ့မရှိဟု လွှတ်တော်အမတ်ဆို

သံလွင်မြစ်အတွင်း သောင်တူး၊ သဲစုပ်ယူသည့် ရင်းနှီးမြုပ်နှံမှုကို စောင့်ကြည့်သည့်အဖွဲ့မရှိဟု လွှတ်တော်အမတ်ဆို
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးရှိ သံလွင်မြစ်အတွင်း စီးပွားဖြစ်လာရောက် ရင်းနှီးမြုပ်နှံကာ သောင်တူး၊ သဲစုပ်ယူနေသည့်လုပ်ငန်းကို စဉ်ဆက်မပြတ် တာဝန်ခံ စောင့်ကြည့်ကြီးကြပ်မည့် ဌာနဆိုင်ရာအဖွဲ့အစည်း အတိအကျကို တာဝန်ပေးထားသင့်ကြောင်း ချောင်းဆုံမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“အခုချိန်ထိ အစိုးရအဖွဲ့က ဒီကိစ္စကို အတိအကျလေ့လာစစ်ဆေးဖို့ အဖွဲ့ဖွဲ့တာ၊ ကော်မရှင်ဖွဲ့တာ၊ ဘာမှမရှိသေးဘူး၊ သူတို့ (ဝန်ကြီးချုပ်နှင့် ဝန်ကြီး) ညွှန်ကြားတာက ဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတာဝန် ခံတွေ ဒေသခံတွေနဲ့ညှိနှိင်းကြဖို့ပဲ၊ ဒါက သိပ်ကိုအပေါ်ယံဆန်လွန်းတယ်” ဟု ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

မော်လမြိုင်မြို့အနီးရှိ ဟင်္သာကျွန်း လယ်မြေများ ပျက်စီးသွားခြင်းသည် အဆိုပါ Starhigh Asia Pacific ကုမ္ပဏီမှ သံလွင်မြစ်အတွင်း သောင်တူးခြင်းကြောင့်လား (သို့မဟုတ်) သဘာဝကြောင့်လား ဆိုသည်ကို သက်ဆိုင်ရာမှ တိတိကျကျ လေ့လာ ဆန်းစစ်သင့်ကြောင်း ၄င်းက ပြောသည်။

ထိုကိစ္စရပ်နှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသက်ဝင်းက “ဒါကို အခု ဆိပ်ကမ်းအာဏာပိုင်တွေ သေချာကွင်းဆင်းပြီးတော့မှ သွားကြည့်နေတယ်၊ အဲ့ဒီနေရာကို ကျနော်တို့ ဘာလုပ်ပေးရမလဲ၊ အကုန်လိုက်လုပ်ပေးနေပါတယ်၊ ဒီမနက်ပဲ လာပြီး Report(တင်ပြ) လုပ်တာရှိတယ်၊” ဟု ပြောသည်။

ယခုကဲ့သို့ Starhigh Asia Pacific ကုမ္ပဏီမှ သံလွင်မြစ်အတွင်း သောင်တူး၊ သဲစုပ်ယူနေ သည့်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရကို ပို့ဆောင်ရေး ဝန်ကြီးဌာန ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ အစည်း၊ မြန်မာစီးပွားရေး ဦးပိုင် လီမိတက်နှင့် ကုမ္ပဏီတို့မှ သုံးဦး သဘောတူညီခဲ့သည်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက် inform(အသိပေးခြင်း) လုပ်ခြင်းဖြစ်ကြောင်း ဦးသက်ဝင်းက ပြောသည်။

“အခုက သဲပို့ချမှုနှုုန်းတွေက တအားများလာတဲ့အတွက်ကြောင့် အနည်းဆုံး ၆မီတာရှိမှ သင်္ဘောကြီးတွေ ဝင်ထွက်လို့ရတယ်၊ အခုက ၄.၅မီတာအထက်တောင် မရှိတော့ဘူး၊ ကျောက်တင်တဲ့ သင်္ဘောတွေတောင်မှ ခက်ခက်ခဲခဲနဲ့ ဝင်နေရတယ်၊ ရေလမ်းကြောင်း ကောင်းပါစေဆိုတဲ့ ဆန္ဒနဲ့ ခွင့်ပြုတာပဲ” ဟု ဦးသက်ဝင်းက ပြောသည်။

ယခုသောင်တူးပြီး သဲစုပ်ယူနေသည့်နေရာသည် ကျွန်းနှင့်နီးကပ်နေပြီး အဆိုပါသင်္ဘောကြီးများ၏ သဲစုပ်ယူမှုကြောင့် သဘာဝကမ်းပြိုမှုထက် ပိုမိုပြိုကျလာပြီး လူနေအိမ်ခြေများမှာ မြစ်ကမ်းပါးနှင့် နီးကပ်လာသည့်အတွက် အခြားနေရာတွင် သဲစုပ်ယူစေလိုကြောင်း ဟင်္သာကျွန်းနေသူတို့က ပြောသည်။

“ကျနော်တို့နဲ့ ကပ်ရပ်လို ဖြစ်နေပြီ၊ ကျနော်တို့ အိမ်တွေပါသွားရင် ကျနော်တို့နေဖို့အတွက် ဘယ်သူက နေရာပြန်ချပေးမလဲ” ဟု ဟင်္သာကျွန်းနေ လယ်သမား ဇော်မျိုးနိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ပြည်နယ်အစိုးရရုံးတွင် ဟင်္သာကျွန်းနေ လယ်သမားများကို ခေါ်ယူပြီး ဟင်္သာကျွန်းကိစ္စ ထပ်မံဆွေးနွေးခဲ့ကြောင်း သိရသည်။