တစ်ရက်အတွင်း အစိုးရတပ်များ သုံးကြိမ် ခြုံခို တိုက်ခိုက်ခံရ

တစ်ရက်အတွင်း အစိုးရတပ်များ သုံးကြိမ် ခြုံခို တိုက်ခိုက်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၂၄ရက်နေ့က တိုင်းရင်းသားတပ်ဖွဲ့များအားလိုက်လံတိုက်ခိုက်သည့်  အစိုးရတပ်များ ၁ရက်အတွင်း သုံးကြိမ် ခြုံခိုတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

“မနေ့က တာမိုးညဲနဲ့ မုန်းစီးကြားမှာ နေ့ခင်းပိုင်း ၁နာရီကျော်က တိုက်ပွဲတစ်ခါဖြစ်တယ်။ ၁နာရီခွဲကြာတယ်။  မွန်းလွဲပိုင်း ၃နာရီကျော်ကျော်လောက်မှာတော့ ကုန်းဆာနဲ့ နမ့်ဝမ်းကြားမှာ ၁နာရီနီးနီး တိုက်ပွဲထပ်ဖြစ်တယ်။ အခုဗမာတပ်တွေ ရွာဘက်ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ထွက်နေတယ်။  တောပိုင်းမှာလည်း သွားပြီးနေရာယူထားတယ်။ လူထုတွေ လယ်ယာထဲ မဆင်းရဲဘူး။ သူပုန်အဖွဲ့ကို မကြောက်ရဘူး။ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်တတ်တာ ဗမာစစ်ကြောင်းဘဲ၊  သူတို့ကို လုပ်ခွင့်အာဏာ (စစ်အုပ်ချုပ်ရေး) အစိုးရက ပေးထားတယ်ဆိုလို့ ပိုကြောက်ရတယ်” ဟု ဒေသခံ ဦးမာလက ပြောသည်။

001-Bomb

ထို့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြန်ကြားရေးဌာနကလည်း အစိုးရနှင့် တိုက်ပွဲတွင် ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ၊ အစိုးရတပ်ဘက်မှ ၃ဦး ထိမှန်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

“ကျနော်တို့ တပ်ရှိတယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးနဲ့လှမ်းထုတယ်။ မနေ့(ဖေဖော်ဝါရီ ၂၄)တုန်းကတော့ ကျနော်တို့ တိုက်ပွဲဖြစ်တာ ၃နေရာ။   အစိုးရတပ်ဘက် သုံးဦးသေတယ်” ဟု TNLA ပြန်ကြားရေး ဌာနမှူး ဗိုလ်ကြီး တာ့အိုက်ကျော်ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စုပေါင်းပြီး အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းသည် အချုပ်အခြာအာဏာကို ထိပါးလာနေသည်ဟုဆိုကာ ကိုးကန့်ဒေသအား စစ်ရေးဖြင့်အုပ်ချုပ်ရန် နိုင်ငံတော်သမ္မတက တပ်မတော်ကို ၃လ အာဏာပေးထားသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ဖွဲ့ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်(United Nationalities Army, UNA) တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) စသည့် တပ်ဖွဲ့များလည်း ပါဝင်သည်။

Most read this week