ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ကြား လုပ်ဆောင်နေသော ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း စဉ်အတွင်း ပြည်သူ့အသံပါ၀င်လာအောင် လုပ်ဆောင်သွားမည်ဟု ကရင်လူမှုအဖွဲ့(၂၀)ကျော်ဖြင့် ဖွဲ့စည်းထားသော ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN)က ဖေဖေါ်ဝါရီ ၂၄ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ပြုလုပ်သည့် ၎င်းတို့၏ ပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
KPSN တာဝန်ရှိသူတစ်ဦးဖြစ်သည့် နော်စူစဲန်နာလှလှစိုးက “လာမယ့် မေလကျရင် ဖားအံမှာ Karen Peace Forum (ကရင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ)တစ်ခု KPSNက လုပ်မယ်။ ကရင်လူထု အခြေပြုအဖွဲ့တွေ အားလုံးကို ဖိတ်ခေါ်မယ်။ အဲဒီမှာ Voices from the Karen Community တစ်ခုကို ဆွေးနွေး ရေးချသွားပြီးတော့ KNU ထံ ပို့မယ်။ အခုက KNUနဲ့ လူထုအခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေသေးတယ်” ဟု KIC သို့ ပြောသည်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွင် ဒေသခံလူထုများ၏ ပူးပေါင်းပါ၀င်မှုအခန်းကဏ္ဍနှင့် လူထု၏ လိုအပ်ချက်၊ စိုးရိမ်မှုအသံများကို နားထောင်မှသာလျှင် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်သောကြောင့် KNUကို ကူညီသွားရန်နှင့် လူထုနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် KPSN အနေဖြင့် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်ဟု နော်စူစဲန်နာလှလှစိုးက ဆက်ပြောသည်။
နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ပြုလုပ်သည့် ၎င်းအစည်းအဝေးတွင် KPSN၏ လုပ်ဆောင်ချက်များ ကို ပြန်လည်သုံးသပ် ခြင်း၊ ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများပြားလာမှု အခြေအနေ၊ KPSN မှ အဖွဲ့ဝင်သစ်များ လက်ခံမည့်ကိစ္စ၊ လုပ် ဆောင်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
KPSN အဖွဲ့ဝင် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်အဖွဲ့(KESAN)၏ တာဝန်ခံ စောပေါလ်စိန်ထွားက လည်း “ကျနော်တို့ လွတ်လပ်တဲ့လူမှုအဖွဲ့အစည်းအရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်ကလည်း ဒေသခံပြည် သူတွေရဲ့ လိုလားချက် လုပ်ဆောင်ပေးဖို့ပဲလေ။ အဲဒီလိုလားချက်ကို ပြည့်ဝဖို့၊ စိုးရိမ်မှု မကြီးထွားဖို့၊ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ကို KESAN, KYO (ကရင် လူငယ်အစည်းအရုံး)၊ KWO (ကရင်အမျိုးသမီးအစည်းအရုံး)တို့လို လူထုအခြေပြုအဖွဲ့တွေအနေနဲ့ အများကြီး လုပ်ဆောင်ပေး နိုင်ပါတယ်”ဟု ပြောသည်။
KPSN သည် KNU လုပ်ဆောင်နေသော ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကို အထောက်အကူပြုရန်နှင့် ပြည်သူ့အသံများ ပါ၀င်လာရန် ရည်ရွယ်၍ ပြည်တွင်းအခြေစိုက် ကရင်လူမှုအဖွဲ့နှင့် နယ်စပ်ဒေသအခြေစိုက် ကရင်လှုမှုအဖွဲ့ပေါင်း(၂၇)ဖွဲ့က ၂၀၁၂ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အစည်းအဝေးပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖွဲ့စည်းခဲ့ပြီး (၃)နှစ်တာကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူများကို အသိပေး နှိုးဆော်ခြင်း၊ ဒေသခံပြည်သူများကို ထိခိုက်နိုင်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို စောင့်ကြည့်လေ့ လာသလို ၎င်းတို့၏ အစည်းအဝေးကို အနည်းဆုံး ၃လတကြိမ်ဖြင့် ပုံမှန် လုပ်ဆောင်လျှက်ရှိသည်။