ပည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၆ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ လိုက်နာရန် ကြေညာချက်တွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်များ ပေးထားသော်လည်း မဲဆွယ်စည်းရုံးရာတွင် ဥပဒေနှင့် မဆန့်ကျင်စွာ၊ ဥပဒေနှင့်အညီ စသည့် စကားလုံးများဖြင့် လိုက်နာရန် အပိုဒ်သုံးပိုဒ် ဖြည့်စွက်ပါရှိခြင်းကြောင့် နိုင်ငံ၏ အခြေအနေမှန်များ ပြဿနာများကို မဲဆန္ဒနယ်ရှိ လူထုအား ရှင်းလင်းဆွေးနွေးပြရန် ခက်ခဲခြင်း၊ ဆွေးနွေးမိပါက အရေးယူခံရဖို့ သေချာခြင်းတို့ကြောင့် ထိုကန့်သတ်ချက်များကို လျှော့ချပေးရန် မြေပုံမြို့နယ်အမတ် ဦးဖေသန်းက ဖေဖော်ဝါရီ ၂၄ရက်က ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။
''အမတ်လောင်းတွေ နိုင်ငံရေးပါတီတွေဟာ မီဒီယာလွတ်လပ်ခွင့်လောက်တောင် မလွတ်လပ်တော့ဘူးလား'' ဟု ၎င်းက မေးမြန်းတောင်းဆိုခဲ့သည်။
လက်ရှိကန့်သတ်ချက်များအရ အမတ်လောင်းတို့ စည်းရုံးရေးဆင်းရာတွင် တရားစွဲခံရဖို့ အခြေအနေအများကြီး ရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
ထို့အပြင် ပုဂ္ဂလိကသတင်းစာ ဂျာနယ်များတွင် ဖော်ပြထားသည်တို့ကို ရည်ညွှန်းပြီး မည်သည့်ဂျာနယ်တွင် ဘယ်နေ့က ဘယ်လိုဖော်ပြထားကြောင်း ပြည်သူလူထုကို ပြောပြပြီး စည်းရုံးခြင်းမျိုးကို ခွင့်ပြုနိုင်ပါသလား ဟုလည်း ၎င်းက ထပ်ဆင့်မေးမြန်းခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ''နိုင်ငံတော်မှာ တရားဝင်ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို နိုင်ငံသား အားလုံး လေးစားလိုက်နာရတယ်။ အထူးသဖြင့် မဲဆွယ်စည်းရုံးတဲ့ ကာလမျိုးမှာဆိုရင် နိုင်ငံရေးပါတီများဟာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ကြရသလို လွှတ်တော်ကိုယ်စားလှယ်လောင်းများဟာလည်း သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေနဲ့အညီ လိုက်နာ ဆောင်ရွက်ကြရပါတယ်။ နိုင်ငံရေးပါတီများက စည်းရုံးခွင့်ရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ စည်းရုံး လှုပ်ရှားတဲ့အခါမှာ ဥပဒေနဲ့အညီ မှန်ကန်မျှတမှုရှိစေရေးအတွက် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်ချက်များကိုလည်း သတိပြုလေးစားလိုက်နာကြဖို့ လိုပါတယ်'' ဟု ပြန်ဖြေခဲ့သည်။