တပ်သားသစ်စုဆောင်းရေးနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ရှင်းလင်းချက်

တပ်သားသစ်စုဆောင်းရေးနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ရှင်းလင်းချက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ သျှမ်းပြည်သူလူထုက သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)ရဲ့  တပ်သားသစ် ကောက်ယူစုဆောင်းမှု ခံနေရတယ်လို့ ပြောဆိုနေပါတယ်။ တပ်သား မပေးနိုင်တဲ့ လူတွေအဖို့ ငွေကြေး မြောက်အများပေးပြီး လူငှားပေးရတယ်လို့ ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကို သျှမ်းသံတော်ဆင့်မှ အယ်ဒီတာ စိုင်းဆိုင်ယက  သီးသန့် တွေ့ဆုံမေးမြန်းထားတာကို ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။

ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်။ ။ ကျနော်တို့ မူဝါဒအရ ၁၈ နှစ်ပြည့်ပြီးသူများ စစ်မှုလာထမ်းရမယ် ဆိုတာ ပါရှိပါတယ်။ သျှမ်းဘဲ မဟုတ်ဘူး။ သျှမ်းပြည်ထဲက တိုင်းရင်းသားတိုင်းစစ်မှုထမ်းရမှာပါ။ မိုင်းကိုင်လူထုကိုယ်စား စာရေးတင်ပြလာတယ်ဆိုတာ ကျနော်တောင်မှသိချင်တယ် အဲဒီလူထု ကိုယ်စားလှယ်ဆိုတာ။ သူဟာ တကယ်ဘဲ လူထုကိုယ်စားပြုပါသလား။ တကယ်လို့ စစ်မှုထမ်းရတာကြောင့် လူထုအတွက် အခက်အခဲဖြစ်မယ်ဆိုရင်  သျှမ်းပြည်တပ်မတော်ဆိုတာ မရှိစေချင်ရင်လည်းရတယ်။ လွယ်တိုင်းလျန်းမှာ စစ်ပညာသင်ကြားနေတဲ့ စစ်သားအားလုံးကို အိမ်ပြန်ခိုင်းလိုက်မယ်လေ။

Recruitment opinion Yawdserk

ကျနော်တို့မူဝါဒ အရ ၅နှစ်စစ်မှုထမ်းရမယ်ဆိုတာရှိထားပေမယ့် စစ်ပညာကို ၂နှစ်ဘဲ လာသင်လဲရတယ်။ ၃နှစ်ဘဲ လာသင်လည်းရတယ်။ လာကြတဲ့လူတွေက ဆန္ဒအလျောက် လာကြတာတွေချည်းဘဲ။ အဓမ္မမကောက်ရပါဘူး။ တာဝန်နဲ့  အသိစိတ်ဓါတ်နဲ့ဘဲလေ။

ကျနော်တို့ သျှမ်းပြည်ကြီးဆုံးရှုံးရတာ ဘာကြောင့်လဲ စော်ဘွားတွေကနေ  လူထုကို စစ်ရေးလေ့ကျင့်ပေးမှု မလုပ်ထားဘူးလေ။ ကိုယ့်ပြည်နယ်ကြီးကိုကာကွယ်ဖို့ အဆင်သင့်မလုပ်ထားတဲ့ခါကျတော့ ရန်သူက သျှမ်းပြည်ထဲကို အလွယ်တကူနဲ့ ဝင်လာနေနိုင်တာပေါ့။ ဒါလူတိုင်းသိနေတာဘဲ။ အခု ကျနော်တို့လည်း ဒါတွေကိုသိလာတဲ့ခါကျတော့ စနစ် ကြီးတခု သတ်မှတ်လိုက်တာလေ။ ထိုင်းနိုင်ငံဆိုကြည့်ပါလား။ ၂နှစ်ခွဲ တစ်သုတ် စစ်သားခေါ်တယ်လေ။ စစ်ရေးပညာ မတတ်ထားရင် ရပ်ကွက်သူကြီးတို့ မြို့ရွာ အုပ်ချုပ်ရေးမှုတို့မှာ ပါဝင်ရွေးကောက်ခွင့်မရှိဘူး။ သူများနိုင်ငံမှာ လုပ်ထားတဲ့စနစ်က။  ကျနော်တို့လည်း အဲ့ဒီလိုစည်းစနစ်ရှိစေချင်လို့ပါ။

တချို့ဒေသဆိုရင်  ဥပမာ RCSS/SSA နဲ့ SSPP/SSA (သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်)ကြား၊  SSPP/SSA  နဲ့ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် မတော်)ကြား၊   RCSS/SSA  နဲ့ PNLA (ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်)တို့ကြား မှာ နေထိုင်တဲ့သူတွေအတွက် ဘယ်လိုစီစဉ်ထားလဲဆိုတော့-ကျနော်တို့က သျှမ်းပြည်တဝှမ်းလုံးအတွက် ရည်ရွယ်တယ်လေ။ ဒေသတွင်းအတွက်ဘဲမဟုတ်ဘူး။ ဆိုတော့ ဘယ်တပ်ဖွဲ့မှာဘဲ စစ်မှုထမ်းထမ်း  စစ်မှုထမ်းပြီးပြီဆိုရင် ရပြီ။  ကျနော်တို့ RCSS ဆီမှာမှ စစ်မှုထမ်းရမယ်ဆိုတာ မဟုတ်ဘူး။ ဥပမာ  SSPP တို့၊ TNLA တို့၊ ပအိုဝ်းတို့ဆီမှာ စစ်မှုထမ်းပြီးပြီဆိုရင် ကျနော်တို့ဆီ လာထမ်းစရာ မလိုတော့ဘူး။ ဒါပေမယ့် စစ်ပညာသင်ကြားပြီးကြောင်း သင်တန်းပြီးလက်မှတ်ရှိရမယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သျှမ်းပြည်မှာ သျှမ်းပြည်ရဲ့ တပ်မတော်ဆိုတာ တခုတည်းရှိရမယ်။  ပေါင်းစည်းရေးအတွက် ရည်ရွယ်ထားကြ တယ်လေ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်အား သျှမ်းသံတော်ဆင့်မှ သျှမ်းဘာသာသတင်းဌာန အယ်ဒီတာ စိုင်းဆိုင်ယက တွေ့ဆုံမေးမြန်းနေစဉ်

Most read this week