သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားနေသောတိုက်ပွဲတွင် သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA) ပါဝင်ပတ်သက်မှုရှိသည်ဆိုသည့် အစိုးရ၏ စွပ်စွဲချက်သည် မဟုတ်မမှန်သောကြောင့် ရုပ်သိမ်းပေးပါရန် SSPP/SSAက ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတထံသို့ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့လိုက်သည်။
SSPP/SSA မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ "ကိုးကန့်ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွင် ၎င်းတို့ ပါဝင် ပတ်သက်ခြင်းမရှိကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမဖြစ်သင့်ကြောင်း၊ နိုင်ငံရေးနည်းလမ်းအရ တစ်ဦးပေါ်တစ်ဦးအပြန်အလှန်အလေးပေး တန်ဖိုးထား၍ တွေ့ဆုံ ဆွေးနွေးအဖြေ ရှာခြင်းသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း" စသည့် အချက် ၅ ချက်ပါသော အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့သည်။
“ကျနော်တို့ ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေး မပျက်ပြားစေရေးအတွက် ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ထိန်းသိမ်းနေပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်ဆုံး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကိုပဲ မျှော်လင့်တောင့် တနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီစွပ်စွဲချက်က မဟုတ်မှန်ပါဘူး။ လက်ရှိအနေအထားအရ အစိုးရတပ်ကို ကင်းပုန်း တိုက်ခိုက်တာတွေတောင်မှ လုံးဝမရှိစေဖို့၊ မလုပ်ဖို့ ကျနော်တို့ တားမြစ်ထားတယ်။ ဒီစွပ်စွဲချက်တွေ ပြန်ရုတ်သိမ်းပေးပါလို့ သမ္မတထံ စာပေးပို့ရတာပါ ” ဟု ပါတီအထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသည်။
ဖေဖေါ်ဝါရီ ၂၁ရက်နေ့က ပြုလုပ်ခဲ့သော နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ကိုးကန့်တိုက်ပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ မိုင်းလားတပ်ဖွဲ့အမည်ရ (NDAA-ESS)၊ 'ဝ' သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပါဝင်ပတ် သက်နေသည်ဟု နေပြည်တော်အစိုးရက ပြောသည်။
အစိုးရမှ ယခုကဲ့သို့ စွပ်စွဲပြောဆိုသည့် - ကိုးကန့်ပြဿနာသည် အချုပ်အခြာအာဏာကို ထိပါးလာနေသည်ဆို သည့်ကိစ္စ၊ ကိုးကန့်ဒေသအား တပ်မတော်ထံ အာဏာလွှဲပေးသည့်ကိစ္စရပ်များသည် ကျောင်းသားဆန္ဒဖေါ် ထုတ်မှု၊ မြေယာပြဿနာနှင့် လက်ပံတောင်းပြဿနာများမှ အာရုံလွှဲလိုသောကြောင့် ဖန်တီးလာခြင်းဖြစ်နိုင်သည်ဟု တသီးပုဂ္ဂလအမြင်ဖြင့် စဝ်ခွန်ဆိုင်က သုံးသပ်သည်။