မွန်ပြည်နယ်အတွင်း လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ အခြေခံ မဲဆန္ဒရှင်စာရင်းကို IFES (International Foundation of Electoral System) အဖွဲ့၏ အကူအညီဖြင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ကောက်ယူထားသည့် စာရင်းကို အခြေခံပြီး မတ်လ ၃ရက်နေ့မှ စတင်ပြုစုသွားမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။
“လူဦးရေစာရင်းက update ဖြစ်မှ မဲစာရင်းသွင်းလို့ရမှာ၊ မဲစာရင်းသွင်းတဲ့ အချိန်မှာလည်း အမျိုးအစား (၄) မျိုးခွဲထားတယ်၊ ဒါပေမဲ့ အခုစောစောပိုင်းမှာတော့ သုံးမျိုးကို အရင်ပြုစုသွားမယ်” ဟု ဦးဟိဏ်လင်းထက် က ပြောသည်။
ပထမ အမျိုးအစားသည် မြို့နယ်အတွင်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိပြီး သတ်မှတ်ချက် ဥပဒေနှင့် ညီညွတ်၍ အသက် ၁၈နှစ်ပြည့်သူဖြစ်ရမည်၊ တတိယ အမျိုးအစားမှာ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကဒ် သုံးခေါက်ချိုးများရှိသော်လည်း မည်သည့်နေရာမှ သန်းခေါင်စာရင်းမရှိသူ သို့သော် ၁၈နှစ်ပြည့်ပြီး မဲထည့်ရန် ဥပဒေနှင့် ညီညွတ်သူ၊ စတုတ္တအမျိုးစားမှာ မှတ်ပုံတင်နှင့်အခြား မည်သည့်ကဒ်မှမရှိသူများ သို့သော် ၁၈နှစ်ပြည့်ပြီး ဥပဒေနှင့် ညီညွတ်သူတို့ကို ဦးစားပေး ပြုစုသွားမည်ဟု ၎င်းက ဆိုသည်။
ထိုအထဲတွင် ဒုတိယအမျိုးအစားဖြစ်သည့် မိမိနေထိုင်ရာမြို့နယ်တွင် တာဝန်မကျဘဲ အခြားမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတို့၏ စာရင်းကို မပြုစုသေးကြောင်း ဒုတိယအမျိုးအစား ကို ရွေးကောက်ပွဲ ကြေညာပြီးမှသာ သီးသန့် စာရင်းထည့်သွင်းပြုစုသွားမည်ဟု ကော်မရှင်က ပြောသည်။
ယခုလအစောပိုင်းတွင် လဝက ပုံစံ ၆၆/၆နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့၏ လူဦးရေစာရင်း ကို ပြန်လည်စိစစ် မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ကျနော်တို့ရွာမှာတော့ မဲဆန္ဒရှင်စာရင်း ကောက်နေပါပြီ၊ အကြမ်းဖျဉ်းတော့ ပြီးနေပြီ၊ အခုအချောသတ်နေကြတယ်” ဟု ပြောသည်။
အိမ်ထောင်စုစာရင်းအတွင်း အသက်၁၈နှစ်နှင့်အထက်ရှိသူ မဲပေးနိုင်သည့် လူဦးရေကို အဓိကထား ကောက်ယူနေကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရန် IFES အဖွဲ့မှ ကွန်ပျူတာ ၃၀လုံး ပံ့ပိုးပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရှိ မြို့နယ် ၂၀မြို့နယ်မှ ကော်မရှင်အဖွဲ့ဝင် ၆၅ဦးတို့ကို သင်တန်းပေးသွားမည် ဖြစ်ကြောင်းနှင့် မတ်လ ၃ရက်နေ့မှ စတင်၍ စာရင်းထည့်သွင်းပြုစုသွားမည်ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။
IFES အဖွဲ့မှ အဆိုပါသင်တန်းအတွက် ကွန်ပျူတာ ၃၀လုံးကို ပထမအသုတ်အား ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဒုတိယအသုတ်တွင် ကွန်ပျူတာ ၁၁၆ လုံးကို ထပ်မံပံ့ပိုးပေးသွားမည်ဟု သိရသည်။
တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းပြုစုခြင်း ပထမအဆင့်တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလအထိလည်းကောင်း၊ တတိယအဆင့်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလမှ မတ်လအထိလည်းကောင်း၊ စတုတ္ထအဆင့်ကို ဖေဖော်ဝါရီလမှ ဧပြီလအထိလည်းကောင်း ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လျာထားသည်။
မွန်ပြည်နယ်အတွင်း ရရှိလာသော အခြေခံမဲဆန္ဒရှင်စာရင်းများကို IFES မှမဲဆန္ဒရှင်စာရင်းထည့်သွင်း မည့် ဆော့ဝဲလ် (Software)တွင် စုစည်းပြီး နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်ရှိ ဆာဗာ (Server)တွင် သိမ်းဆည်းမည်ဖြစ်ကာ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ခွဲသို့ ပြန်လည်ပေး ပို့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲကို ယခုနှစ်မကုန်ခင် အောက်တိုဘာလ နောက်ဆုံးအပတ် သို့မဟုတ် နိုဝင်ဘာလ ပထမအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျကို ၂၀၁၅ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။