၂၀၁၀ ရွေးကောက်ပွဲကာလက နယ်မြေ မအေးချမ်း၍ မဲရုံဆောက်ခွင့်မရသည့် ဒေသများကို အမဲရောင်နယ်မြေအဖြစ် ဆက်လက်သတ်မှတ်နိုင်စရာ အကြောင်းမရှိတော့ကြောင်း ကယား(ကရင်နီ)ပြည်နယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဌ ဦးအောင်လင်း က ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ပြောသည်။
“အမဲရောင်နယ်မြေဆိုတာတွေက မပြောသင့်တော့ဘူး။ မပြောရဲတော့ဘူး။ ပြောဖို့ အချိန်မဟုတ်တော့ဘူး။ အမဲရောင်နယ်မြေ သတ်မှတ်တာမျိုးတွေလည်း ရှိလာနိုင်မယ်လို့တော့ မထင်တော့ပါဘူး” ဟု ပြောသည်။
ပြည်နယ်တွင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြီး ဆက်ဆံရေး ရုံးများ ထားရှိနေသည်ကို တွေ့မြင်နေရသည့်အတွက် ယုံကြည့်မှုရှိနေပြီဖြစ်ကြောင်း ဦးအောင်လင်းက ဆိုသည်။
တစ်ပြည်နယ်လုံးတွင် ကျေးရွာအုပ်စု ရ၉အုပ်စုရှိရာ လုံခြံုရေးကန့်သတ်ချက်ကြောင့် ၂၀၁၀ရွေးကောက်ပွဲအတွင်း ကျေးရွာ အုပ်စု ၂၇အုပ်စုတွင် မဲရုံမဖွင့်နိုင်ခဲ့ကြောင်း ပြည်နယ်ကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။
ဦးကျော်ဆန်းဝင်းက “လာမည့် ရွေးကောက်ပွဲတော့ အခုတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတဲ့အတွက် အကုန်လုံး ကျင်းပသွားနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် ကယားပြည်နယ် လွှတ်တော်သုံးရပ်နေရာ များတွင် မြို့နယ်တိုင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟုလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းက ပြောသည်။
ဦးသိန်းထွန်းက “ပြည်နယ်မှာရှိတဲ့ ပြည်နယ်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုတွေကို တတ်စွမ်းသလို ဖော်ထုတ်ပါမယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် တစည ဗဟိုကော်မတီဌာနချုပ် အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် မြို့နယ် ကော်မတီဝင်များက ပါတီနိုင်ငံရေးလှုပ်ရှားနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ပွဲတရပ်ကို ဒီးမော့ဆိုမြို့ တစညရုံး၌ ကျင်းပသွားခဲ့ကြပြီး နောက် ယခုလို ပြောကြားသွားခြင်းဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲ၌ တစ်ပြည်နယ်လုံးတွင် မဲရုံ ၂၅၅ရုံ စာရင်းရှိသော်လည်း ၁၈၅ရုုံသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြည်နယ်ကော်မရှင်ရုံးမှ မှတ်တမ်းအချက်အလက်ရ သိရှိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံမဖွင့်နိုင်ခဲ့သည့် အမဲရောင်နယ်မြေ ကျေးရွာအုပ်စုများမှာ လွိုင်ကော်မြို့နယ် တီးလုံ၊ ပါလောင်း၊ ဒီးမော့ဆိုမြို့နယ်တွင် ဒေါဖု၊ ဒေါမကြီး၊ ထီးဖိုးကလို၊ ဒေါရောက်ခူ၊ ရှားတောမြို့နယ် မြောက်ပိုင်း ကျေးရွာများ၊ မဲစယ်မြို့နယ်တွင် ဟိုဂျစ်၊ ဘော်လခဲမြို့နယ်တွင် ဘူးခူ၊ စောလုံ အုပ်စုတို့ဖြစ်ကြသည်။
အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည့် ဖားဆောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှာ ဝမ်အောင်း၊ ကွာခီး၊ ကော်သူဒိုး၊ မိုဆာခီး၊ ဘဟန်းလော့၊ ကရယ်ခီး နှင့် ဖရူဆိုမြို့နယ်ရှိ ကေကော၊ သိုသီးဖို၊ သော်ခူ၊ ရော်ဒေါ်ခေါ၊ ဒိုမိုစော၊ ဟိုယာ၊ ဒိုးပရယ်၊ ဒိုးလာစော၊ ကေးလျား၊ ရာဧပရား၊ မြို့မ စသည့် ကျေးရွာအုပ်စုတို့ဖြစ်သည်။
အမဲရောင် ဒေသ အများအပြားရှိနေသော ထို ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ် စသည့် မြို့နယ်များတွင် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် မြို့နှင့်အနီးတဝိုက်တွင်သာ မဲရုံများ ထားရှိခဲ့သည်။