သျှမ်းပြည်မြောက်ပိုင်း၌ အစိုးရတပ်ခြုံခိုတိုက်ခိုက်ခံရ ဒေသခံ နှစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း၌ အစိုးရတပ်ခြုံခိုတိုက်ခိုက်ခံရ ဒေသခံ နှစ်ဦးဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်အတွင်း အစိုးရတပ် ခြုံခိုတိုက်ခိုက်ခံရ၍  ပြန်လည် ခန့်မှန်းပစ်ခတ်ရာ မှ ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသောကြောင့် လားရှိုးစစ်ဆေးရုံသို့ ပို့ဆောင်ကုသထားရသည်ဟု သိရသည်။

ဖေဖေါ်ဝါရီ ၁၉ရက်နေ့နှင့် ၂၂ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း လားရှိုးမှ ကိုးကန့်ဒေသဘက်သွားမည့် ယာဉ်တန်းများ နှစ်ကြိမ်ခြုံခိုတိုက်ခိုက်ခြင်း ခံရခြင်းဖြစ်သည်ဟု သိရသည်။

Burmese Army SSN

ထိုသို့ခြုံခိုတိုက်ခိုက်ခံရရာမှ ရွာရှိရာဘက် သေနတ်ပြောင်းလှည့်ပစ်ခံမှုကြောင့် ဒေသခံ လားဟူ အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦးပါ ထိခိုက်ဒဏ်ရာရှိသည်ဟု သိန္နီမြို့ခံ အဲန်ဂျီအို လုပ်သား စိုင်းခမ်းဟန် က ပြောသည်။

“၁၉ရက် မွန်းလွဲ ၂နာရီခွဲက သိန္နီမြို့မရောက်မီ ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ပန်ခမ်း၊ နားချယ်နားမှာ အစိုးရ စစ်ယာဉ်တန်းကို တိုက်ခိုက်တာ။ ကောင်းဆာရွာသား ဦးဂျတေ့၊ ဒေါ်နာရှဲ ဒဏ်ရာရရှိသွားတာ။ နောက် ၂၂ ရက်နေ့က ၁၀နာရီလောက်မှာ ကွန်ကောက်ရွာနားမှာ ထပ်ဖြစ်တာ။ ရွာနားကိုလာမပစ်ကြပါနဲ့။ ရွာနားလာပစ်ရင် ဒေသခံပဲထိတာ။ အနူးအညွတ်တောင်းပန်ပါတယ်” ဟု စိုင်းခမ်းဟန်က ပြောသည်။

ဦးဂျတေ့နှင့် ဒေါ်နာရှဲ တို့နှစ်ဦး လားရှိုးစစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး ၎င်းတို့အား လားရှိုးစစ်တိုင်းရုံးက တဦး ကျပ်တသိန်းထောက် ပံ့ကြေး ပေးကြောင်း ပြောပါသည်။ ဖေဖေါ်ဝါရီလ ၂၂ရက်နေ့ တိုက်ပွဲတွင် အစိုးရဘက်မှ အရာရှိတစ်ဦး၊ စစ်သည်နှစ်ဦး ဒဏ်ရာ ရရှိသွာကြောင်း သိရသည်။

“ဗမာစစ်ကြောင်းကို သူပုန်က ချောင်းပစ်တယ်။ ကျည်လာလမ်းကို မသိလိုက်တော့ လှုပ်လှုပ်မြင်တိုင်း ရမ်းပစ်တော့တာဘဲ။ သူပုန်နေတာ တစ်ဘက် သူတို့ ပစ်တာက တစ်ဘက် ဒါ့ကြောင့် ရွာသားတွေကို ထိသွားတာ” ဟု ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဂျဟယ့်က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖုန်ကြားရှင်းနှင့်အဖွဲ့အား တိုက်ခိုက်ရန် အစိုးရက စစ်အင်အား အလုံးအရင်း ပို့ဆောင်စဉ် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် ဝ တပ်ဖွဲ့ UWSA၊ သျှမ်းပြည် တပ်မတော် SSPP/SSA၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ တအာင်း လွတ်လပ်ရေးတပ်မတော် TNLA (ပလောင်တပ်ဖွဲ့) တို့ ပါဝင်ပတ်သက်နေသည်ဟုလည်း အစိုးရဘက်က ဖေဖေါ်ဝါရီ ၂၂ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုလိုက်သည်။

Most read this week