(၇)ကြိမ်မြောက် UPWC နှင့် NCCTတွေ့ဆုံမှု မတ်လလယ်တွင် ပြုလုပ်မည်

(၇)ကြိမ်မြောက် UPWC နှင့် NCCTတွေ့ဆုံမှု မတ်လလယ်တွင် ပြုလုပ်မည်
by -
ကေအဲန်ဂျီ

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ လာမည့် မတ်လလယ်တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ဖြစ်ပေါ်လာရေး (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူခဲ့သည်ဟု NCCT ခေါင်းဆောင်တစ်ဦးဖြစ်သော ပဒိုကွယ်ထူးဝင်းက ပြောသည်။ သိရသည်။

“UPWC နဲ့ NCCT ရဲ့ ရကြိမ်မြောက်တွေ့ဖို့ အကြိုညှိနှိုင်းတဲ့သဘောပါ။ အစည်းအဝေးပွဲလုပ်မယ့် အချိန်။ ဆွေးနွေးမယ့် အကြောင်းအရာတွေပေါ့။ မတ်လလယ်လောက်မှာတွေ့ဖြစ်မယ်လို့ လျာထားတယ်။ ၁၂ ကနေ ၁၆ ရက် ဒီကြားမှာတော့ တွေ့ဖို့ လျာထားတယ်” ဟု ပြောသည်။

MPC office rangoon

NCCT နှင့် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ကိုယ်စားလှယ်များ ဖေဖော်ဝါရီလ ၂၁ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေး၍ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီလ ၂၇၊ ၂၈နှင့် မတ်လ ၁ရက်များတွင် NCCT အစည်းအဝေး ကျင်းပပြီးနောက် မတ်လ ၁၂ရက်နေ့ နောက်ပိုင်း ရန်ကုန်မြို့ရှိ MPCရုံးတွင် ရကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် သဘောညီမှုရရှိခဲ့သည်ဟု MPCမှ အထက်တန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“၇ကြိမ်မြောက်ဆွေးနွေးပွဲကို ဘယ်တော့ ရန်ကုန်မှာလုပ်နိုင်မလဲဆိုတာပါဘဲ။ အခုနောက်ဆုံး ကျနော်တို့နဲ့ သူတို့ နားလည်မှုရှိတာကတော့ အန်စီစီတီရဲ့ အစည်းအဝေးကို ၂၇၊ ၂၈ နဲ့ မတ်လ ၁ရက်နေ့တွေကို ချင်းမိုင်မှာလုပ်ဖို့ လျာထားတယ်။ ကျနော်တို့ အလုပ်အဖွဲ့ကတော့ သူတို့ ဖိတ်ကြားတဲ့အတွက် ဦးအောင်မင်းကို သတင်းပို့ပြီး ၂၈ရက်မှာ ဒီကိုလာပြီး ထပ်ရှင်းပြမယ်။ အဲဒါပြီးရင် မတ်လ ၁၂ရက်နေ့ နောက်ပိုင်းကို ရန်ကုန်မှာ ဆွေးနွေးပွဲတွေလုပ်မယ်။ ဆိုလိုတာက ရက်ချိန်းနှစ်ဖက် ရပြီလို့ ပြောလို့ရတယ်” ဟု သူက ပြောသည်။

MPC က ပြည်ထောင်စုနေ့တွင် လက်နက်ကိုင်အချို့နှင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ကတိကဝတ် လက်မှတ် ရေးထိုးခဲ့မှုအပေါ် ပြန်လည်ရှင်းပြခဲ့မှုအပေါ် NCCTက မူအားဖြင့် သဘောတူညီခဲ့သော်လည်း ဆက်လက် ဆွေးနွေးညှိနှိုင်းရန် လိုအပ်နေသေးသည်ဟု သူက ပြောသည်။

NCCT ဘက်မှ နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွမ်မောင်၊ ဦးထွန်းဇော်၊ ဗိုလ်မှူးကြီး လအောင်၊ ဗိုလ်မှူးကြီး ဆင်ဝါး တို့ တက်ရောက်ခဲ့ပြီး MPC ဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်တို့ အပါအဝင် ၅ ဦး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၅ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် NCCT ကိုယ်စားလှယ်များ တွေ့ဆုံ၍ ဖေဖော်ဝါရီလ ၁၂ရက် နောက်ပိုင်း တစ်ပတ်အတွင် တွေ့ဆုံဆွေးနွေးရန် သဘောတူ ခဲ့ကြသော်လည်း NCCT ဘက်မှ လူမစုံသဖြင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

Most read this week