အာဆီယံဒေသတွင်း စံနှုန်းနှင့်ကိုက်ညီသော အခြေခံလုပ်ခလစာသတ်မှတ်နိုင်ရေး အပါအဝင် အလုပ် သမားများ၏ တောင်းဆိုချက်များ၊ အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ရန် ဘက်မလိုက်သော ညှိနှိုင်းရေးအဖွဲ့ ဖွဲ့ပေးရေး သပိတ်ဆင်နွှဲနေသူ အလုပ်သမားတစ်ဦးဖြစ်သည့် Costec အထည်ချုပ်စက်ရုံမှ ကိုကျော်ရဲအောင်က ပြောသည်။
အလုပ်သမားပြဿနာများ ဖြေရှင်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးဘက်ပါသော ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းထားသော်လည်း အလုပ်သမား ပြဿနာများဖြေရှင်းနိုင်ခြင်း မရှိခြင်းကြောင့် ထိုသို့တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။
''အခုလက်ရှိလုပ်နေတဲ့အဖွဲ့မှာ အလုပ်သမား ကိုယ်စားလှယ်တွေကို ဖမ်းပစ်တယ်။ အလုပ်ရှင်တွေ က ဖြေရှင်းမယ့်နေရာကို မလာဘူး။ ကျန်တဲ့အလုပ်သမားတွေနဲ့ အစိုးရနဲ့ ညှိနှိုင်းရတယ်။ တောင်းဆိုသမျှကို လည်း လက်မခံဘူး။ ဒါကြောင့်မျှတတဲ့ အဖွဲ့တစ်ခုဖွဲ့ပေးဖို့လိုပါတယ်'' ဟု ကိုကျော်ရဲအောင်က ပြောသည်။
ဖေဖော်ဝါရီ ၂၂ရက် နံနက်ပိုင်းက ရွှေပြည်သာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် သပိတ်မှောက် အလုပ်သမားများ တွေ့ဆုံညှိနှိုင်းခဲ့သည်။
''ဖမ်းဆီးသွားတဲ့ အလုပ်သမားခေါင်းဆောင် နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အခါ ညှိနှိုင်းတာနဲ့ ဖမ်းဆီးထားတဲ့ကိစ္စ မသက်ဆိုင်ဘူးလို့ဆိုတယ်။ ဆက်ညှိလို့ မရတော့ဘူး'' ဟု ညှိနှိုင်းမှုတွင် ပါဝင်သူ မဝေဝေချိုက ဆိုသည်။
ပြည်ထောင်စုအစိုးရ အလုပ်သမား ဝန်ကြီးဌာကို စာပို့ခြင်းနှင့် သပိတ်စခန်းများ ဖွင့်လှစ်တောင်းဆိုခြင်းများ ပြု လုပ်မည်ဟု ၎င်းက ပြောသည်။
ရွှေပြည်သာစက်မှုဇုံအတွင်းရှိ အီလန်မြန်မာစက်ရုံရှေ့တွင် စက်ရုံသုံးရုံမှ အလုပ်သမား နှစ်ထောင်ကျော် စုပေါင်းသပိတ်ဆင်နွဲခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂ဝရက်က ထိုသပိတ်စခန်းကို ဖြိုခွင်းခဲ့သည်။
ထိုသို့ဖြိုခွင်းပြီးနောက် အလုပ်သမားခေါင်းဆောင်အချို့ကို ဖမ်ဆီးသွားခြင်း ဖြစ်သည်။ လက်ရှိသပိတ်စခန်းတွင် အလုပ်သမားဦးရေ ၅ဝဝကျော် ထိုင်သပိတ်ဆက်လက်ဆင်နွှဲနေသည်။