လောက်ကိုင် တိုက်ပွဲတွင် ပြည်သူများ မထိခိုက်ရန် ကြက်ခြေနီအသင်းက ထပ်မံတောင်းဆို

လောက်ကိုင် တိုက်ပွဲတွင် ပြည်သူများ မထိခိုက်ရန် ကြက်ခြေနီအသင်းက ထပ်မံတောင်းဆို
by -
မဇ္စျိမ

 လောက်ကိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ကြက်ခြေနီများ၊ သတင်းမီဒီယာများနှင့် ပြည်သူများကို မတိုက်ခိုက်ရန်် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဖေဖော်ဝါရီ ၂၂ရက်တွင် ကြေညာချက် ထပ်မံထုတ်ပြန် တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၁ရက်၊ မွန်းလွဲ ၂နာရီ ၄၅မိနစ်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှ ကွမ်းလုံမြို့နယ်သို့ သွားရောက်ခဲ့သည့် ကြက်ခြေနီအလံလွှင့်ထူထားသော ယာဉ်တစ်စီးမှာ ထပ်မံတိုက်ခိုက်ခံရ သဖြင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ဖေဖော်ဝါရီ ၂၂ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Kokang-Battle-s

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသာလှရွှေက "တိုက်ပွဲတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကြက်ခြေနီ၊ သတင်းထောက်တွေနဲ့ အရပ်သားတွေကို တိုက်ခိုက်တာဖြစ်လို့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အရပ်သားတွေကို မတိုက်ခိုက်ကြဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကို လေးလေးနက်နက် တောင်းဆိုချင်ပါတယ်''ဟု ပြောသည်။

ထို့ပြင် စစ်ဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကို အန္တရာယ်ကင်းစွာ လုပ်ကိုင် ဆောင်ရွက်ခွင့် အာမခံချက်ရရှိလိုသည်ဟုလည်း ၎င်းကဆိုသည်။

ယခုတိုက်ခိုက်ခံခဲ့ရသည့် ကြက်ခြေနီအလံလွှင့်ထူထားသည့် ယာဉ်ပေါ်တွင် ကြက်ခြေနီအဖွဲ့ဝင်တစ်ဦး၊ သတင်းမီဒီယာမှ ၅ ဦးအပါအဝင် စုစုပေါင်းပြည်သူ ၁၃ဦး လိုက်ပါလာခဲ့ပြီး လုံထန်းနှင့်ချင်းရွှေဟော်ကြား၊ ရာခူကိုင်စျေးအနီးတွင် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ယခုတိုက်ခိုက်မှုတွင် ကြက်ခြေနီအဖွဲ့ဝင်တစ်ဦး၊ သတင်းထောက်တစ်ဦးနှင့် စစ်ဘေးရှောင်ပြည်သူနှစ်ဦး စုစုပေါင်းလေးဦးတို့မှာ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ယင်းကဲ့သို့ ကြက်ခြေနီအလံလွှင့်ထူထားသည့် ယာဉ်တိုက်ခိုက်ခံရခြင်းမှာ တစ်ပတ်အတွင်း ဒုတိယ အကြိမ် မြောက်ဖြစ်ပြီးပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်ကလည်း စစ်ဘေးရှောင် ပြည်သူများနှင့် သတင်းထောက်များ လိုက်ပါလာသည့် ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသည်။

ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ် ရွှေ့ပြောင်းကြခဲ့ရသည့် ပြည်သူ ခုနစ်ထောင်ကျော်ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ထားသည်။