SNDP ပါတီ ညီလာခံမှ ပါတီပြောင်းလွှတ်တော်အမတ်များ ခံစားခွင့်စွန့်လွှတ်သင့်ကြောင်း ကြေငြာချက်ထုတ်ပြန်

SNDP ပါတီ ညီလာခံမှ ပါတီပြောင်းလွှတ်တော်အမတ်များ ခံစားခွင့်စွန့်လွှတ်သင့်ကြောင်း ကြေငြာချက်ထုတ်ပြန်
by -
သျှမ်းသံတော်ဆင့်

မိခင်ပါတီမှနုတ်ထွက်ပြီး တစ်ခြားပါတီသို့ ကူးပြောင်းသွားသော လွှတ်တော်အမတ်များအား ခံစားခွင့်အသီးသီးကိုပါ စွန့်လွှတ်သင့်ကြောင်း စတုထ္ထအကြိမ်မြောက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီ ညီလာခံ၏ သဘောထား ကြေညာချက်တွင်ပါရှိသည်။

နှစ်ပတ်လည် ပါတီညီလာခံ၏သဘောထားကြေငြာချက်တွင် - ၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင် သျှမ်းပြည်နယ် အပါအဝင် မဲဆန္ဒနယ် ၆၃မြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်မည်။ ရွေးကောက်ပွဲအောင်ပါက ညီနောင်တိုင်ရင်း သားပေါင်းစုံပါ၀င်သော သျှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းမည်ဟူသည့်အချက် အပါအဝင် ပါတီမှ နုတ်ထွက်ပြီး အခြားပါတီသို့ကူးပြောင်းသွားသော လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်၏ ချီးမြှင့်ငွေ၊ အခွင့်အရေးနှင့် ခံစားခွင့်အသီးသီးကိုပါ စွန့်လွှတ်သင့်ကြောင်း အလေးအနက် တောင်းဆိုထားသည့် အချက်များလည်း ပါ၀င်သည်။

SNDP Conferencessss

လွှတ်တော်အမတ်တဦးသည် တစ်ပါတီမှ တစ်ပါတီသို့ ကူးပြောင်းသွားသည်ဖြစ်စေ၊ ပါတီမှ နုတ်ထွက်သွား သည်ဖြစ်စေ လွှတ်တော်အမတ်အနေနှင့်ပါ နုတ်ထွက်ရမည်ဟူသည့် ဥပဒေပြဌာန်းနိုင်ရန် တပ်မတော်သား ကိုယ်စားလှယ်များမှ ပြင်ဆင်နေကြကြောင်း ကျားဖြူပါတီ ကွန်ဟိန်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နန်းဝါနုက ရှင်းပြသည်။

"ဒီမိုကရေစီလမ်းစဉ်ကို သွားနေတာဖြစ်တဲ့အတွက် ဘယ်ပါတီကိုမဆို သွားလို့ရပါတယ်။ မည်သူမဆို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကျင့်ဝတ်အရ ပါတီကို အရိုအသေတန်မဲ့ အသရေဖျက်မယ့် စကားတွေ မပြောသင့်ပါဘူး" ဟုပြောသည်။

SNDP Conferencessss

ထုတ်ပြန်ကြေငြာချက်တွင် မျိုးဆက်သစ်လူငယ်များအား ခြိမ်းခြောက်၊ ဖျက်ဆီးနေသော မူးယစ်ဆေးအန္တရာယ် ကာကွယ် တားဆီးတိုက်ဖျက်ရေးအတွက ်အဖွဲ့အစည်းအသီးသီးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ဆိုပါသည်။

လက်ရှိတွင် (SNDP) ကျားဖြူပါတီမှ (SNLD) ကျားခေါင်းပါတီသို့ ကူးပြောင်းသွားသော လွှတ်တော်အမတ် (၁၄)ဦး ရှိပြီဖြစ်ကြောင်း ကျားခေါင်းပါတီမှ အတည်ပြုထားသည်။

စတုထ္ထအကြိမ်မြောက်ကျားဖြူပါတီ ညီလာခံကိုဖေဖော်ဝါရီလ ၁၅ရက်မှ ၁၈ရက်နေ့အထိ တောင်ကြီးမြို့ ကိုးကန့်ခန်းမတွင်ကျင်းပခဲ့ပြီး ညီလာခံ ဖွင့်ပွဲနှင့်ပိတ်ပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က တက်ရောက်အားပေးခဲ့သည်။

Most read this week