နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့အား အစိုးရစစ်တပ်က ငွေ နှစ်သိန်းတောင်း

နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့အား အစိုးရစစ်တပ်က ငွေ နှစ်သိန်းတောင်း
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နှစ်ခြင်းခရစ်ယာန်သာသနာပြု နယ်လှည့်အဖွဲ့အား ဒေသအခြေစိုက် ခလရ ၂၈၉၊ ခဝဲစခန်းထိုင် စစ်ကြောင်းမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါသည့်အတွက်ကြောင့် ဟုဆိုကာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ကျပ်ငွေ နှစ်သိန်း တောင်းယူခဲ့သည်ဟု နှစ်ခြင်းသာသနာပြု နယ်လှည့်တာဝန်ခံ ဓမ္မဆရာတော် ဦးဟွေ့ကြိုင်က ပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာကို ခါတိုင်းလည်း မယူပါဘူး၊ ဘယ်လိုမှ ပြောလို့ဆိုလို့မရတဲ့အဆုံး ကျပ်ငွေ နှစ်သိန်း တောင်းတယ်၊ မနည်းတောင်းပန်ပြီးမှ ကျပ်ငွေ ၁၈၀၀၀၀ ပေးရတယ်၊ ည ၁၁နာရီလောက်မှာ ကျွန်တော်တို့ တည်းတဲ့ အိမ်ကို လာကြတယ်၊ နောက်နေ့ ကျွန်တော်တို့ ပလက်ဝဘက်အလှည့် မှာ ကျေးရွာ အုပ်ချုပ်ရေးက ကျွန်တော်တို့ကို ပြန်လိုက်လာပြီး ကျပ်ငွေ ၂၀၀၀၀ ပြန်လာပေးတယ်၊ ကျပ်ငွေ ၁၆၀၀၀၀ ကုန်တာပေါ့ဗျာ ” ဟု ဓမ္မဆရာတော် ဦးဟွေ့ကြိုင်က ပြောသည်။

ပလက်ဝ အခြေစိုက် နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့ ၁၀ဦးသည် ပလက်ဝမြို့နယ်အတွင်း ပီချောင်းနယ်ရှိ် ကျေးရွာများတွင် နယ်လှည့်ခရစ်ယာန်ဓမ္မတရားဟောကြားသည့် ခရီးစဉ်အတွင်း တပေါက်ကံရွာတွင် ခလရ ၂၈၉၊ နယ်လှည့် စစ်ကြောင်းမှူးနှင့် အဖွဲ့က ယခုကဲ့သို့ ငွေတောင်းခံခဲ့ခြင်းဖြစ်သည်။

သာသနာပြုအဖွဲ့သည် အစိုးရစစ်တပ်နှင့် တွေ့ဆုံအပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခရီးသွားထောက်ခံစာကို တောင်းခံပြီး နယ်လှည့်ရန် ပြန်လည်ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။

” ကျတော်တို့ပလက်ဝမှာ အခြေစိုက်တာ ၁၀ နှစ် ၁၀ မိုးရှိပြီ၊ ဒီတခါပဲ ခုလိုမျိုးအဖြစ်နဲ့ကြုံရတယ်၊” ဟု ဆက် ပြောသည်။

အဆိုပါ ပလက်ဝအခြေစိုက် နယ်လှည့်ခရစ်ယာန်သာသနာပြုအသင်းသည် မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်သည်။

ခလရ ၂၈၉ တပ်ရင်းသည် ပလက်ဝ မြို့သစ်တွင် အခြေစိုက်ပြီး ပလက်ဝမြို့နယ်အတွင်း နယ်စပ်ဒေသလုံခြုံရေးအတွက် ခဝဲရွာတွင်တပ်ခွဲစခန်းထားရှိကာ စစ်ကြောင်းထွက်နယ်လှည့်ကြသည်။

Most read this week