ဓာတ်အားခွဲရုံနှင့် ၅ မိုင်အကွာရှိ ကျောက်တော်မြို့နယ်မှ ကျေးရွာ ၄ရွာ လျှပ်စစ်မီး ၂၄ နာရီရတော့မည်

ဓာတ်အားခွဲရုံနှင့် ၅ မိုင်အကွာရှိ ကျောက်တော်မြို့နယ်မှ ကျေးရွာ ၄ရွာ လျှပ်စစ်မီး ၂၄ နာရီရတော့မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဓာတ်အားခွဲရုံနှင့် ၅မိုင်ခန့်အကွာတွင် တည်ရှိသော ကျေးရွာ ၄ရွာကို ၂ဝ၁၅-၂ဝ၁၆ ဘက်ဂျတ်အတွင်း မဟာဓာတ်အားလိုင်းမှတဆင့် ၂၄နာရီလျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝင်းက  ပြောသည်။

“ဘယ်တော့လောက်စပြီး လင်းမယ်ဆိုတာတော့ မခန့်မှန်းနိုင်သေးဘူး။ အဲဒါက ပြည်နယ်က ဘက်ဂျတ်ချပေးမှပဲ သိရမယ်”ဟု ၎င်းက နိရဥ္စရာသို့ပြောသည်။

Kyauk-Taw

မဟာဓာတ်အားလိုင်းမှတဆင့် ၂၄ နာရီလျှပ်စစ်မီး ရရှိတော့မည့် ကျေးရွာများမှာ ပုဏ္ဏားရွာ၊ ဘုရားပေါင်းရွာ၊ ကွမ်းအုံချောင်းရွာနှင့် တောင်ပေါက်ရွာတို့ဖြစ်ကြသည်ဟု ဆိုသည်။

အဆိုပါရွာများနည်းတူ မြို့နယ်တွင်းရှိ စံပြကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၃ဝဝကျော်ရှိသော အပေါက်ဝရွာနှင့်အနီး ဝန်းကျင်ရှိ ကျေးရွာတချို့ကိုလည်း ယခုနှစ်အတွင်း မဟာဓာတ်အားလိုင်းမှ ၂၄ နာရီလျှပ်စစ်မီး ဖြန့်ဖြူးပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော််လည်း ယင်းမှာ မဟုတ်မှန်ဟု ဆိုသည်။

“လက်ရှိမှာတော့ မီးလင်းမယ့်အထဲ အပေါက်ဝရွာမပါသေးဘူးဗျ” ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝင်း က ပြောသည်။

အပေါက်ဝရွာသည် ကျောက်တော်ဓာတ်အားခွဲရုံနှင့် ရမိုင်ခွဲအကွာတွင်တည်ရှိသောကြောင့် လောလောဆယ် တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရနိုင်ခြေ နည်းပါးနေခြင်းဖြစ်သည်ဟုဆိုသည်။

“အခုတော့ ရွာမှာ ပုဂ္ဂလိကမီးစက်နဲ့ဆိုတော့ အိမ်မှာ TV လည်းရှိတယ်ဆိုတော့ မီးခတစ်လကို ၁သောင်းကျော်၊ ၂သောင်းလောက်အထိ ပေးနေရတယ်။ မဟာဓာတ်အားလိုင်းက မီးရမယ်ဆိုရင်တော့ အဲ့လောက် မပေးရတော့ဘူးလို့ ထင်တာပဲ” ဟု အပေါက်ဝကျေးရွာမှ ဒေသခံဦးစံသာအောင်က နိရဥ္စရာသို့ ပြောသည်။

အပေါက်ဝကျေးရွာနှင့် အနီးဝန်းကျင်မှ ကျေးရွာအချို့ကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးနိုင်ရန်အတွက် ယင်းရွာတွင် 33 kVA ဓာတ်အားခွဲရုံငယ်တစ်လုံးတည်ဆောက်ရန် လျာထားသော်လည်း ယခုနှစ်တွင် ဘက်ဂျတ်အနေအထားအရ မဖြစ်နိုင်သေးကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝင်းက ဆိုသည်။

ကျောက်တော်မြို့ကို ပြီးခဲ့သည့် ၂ဝ၁၄ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့မှစတင်ကာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ၂၄နာရီဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့တွင်းရှိ အိမ်ခြေပေါင်း ၁၈ဝဝခန့် လျှပ်စစ်မီးသုံးစွဲနိုင်နေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

Most read this week