ရွေးကောက်ပွဲပြင်ဆင်ရန် မသန်စွမ်း စာရင်းကောက်ယူနေ

ရွေးကောက်ပွဲပြင်ဆင်ရန် မသန်စွမ်း စာရင်းကောက်ယူနေ
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ်အတွင်း ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်နိုင်ရန် မသန်စွမ်းစာရင်းများ စတင်ကောက်ယူလျက်ရှိသည်ဟု ပြည် နယ် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးကျော်ဆန်းဝင်းက ပြောဆိုသည်။

ဘာလို့လဲဆိုတော့ မသန်စွမ်းတွေကို စာရင်းကောက်တာက ဝှီးလ်ချဲ (wheel chair)တွေနဲ့ စီစဉ်စရာရှိရင် စီစဉ်လို့ ရအောင်လို့လေ ̋ ဟု ဦးကျော်ဆန်းဝင်းက ကန္တာရဝတီတိုင်းသို့ ပြောသည်။

ဖေဖော်ဝါရီလ ပထမအပတ်တွင် စတင်ကောက်ယူနေပြီး လကုန်အထိအပြီး ကောက်ယူသွားမှာဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက် ကျေးရွာတို့တွင် အပြီးကောက်ခံယူသွားမည်ဖြစ်ကြောင်း ဦးကျော်ဆန်းဝင်းက ပြောသည်။

မသန်စွမ်းသူများ စာရင်းအရေအတွက်များလျှင် ရုံးချုပ်မှ ဝှီးလ်ချဲ (ဘီးတပ်ကုလားထိုင်)များ စီစဉ်ပေးမည်ဖြစ် သည်ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွန်ကြားထားချက်အရ ရုံးချုပ်မှနေ၍ စာရင်းများကို တောင်းယူ သည့်အချိန်တွင် အဆင့်သင့်ရှိနေရန် မသန်စွမ်းစာရင်းများကို စတင်ပြုစုထားခြင်းဖြစ်သည်ဟု သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှလည်း ကယားပြည်နယ်မှ ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုစာရင်းများကို လိုက်လံကောက်ခံနေသည်ဟု သိရသည်။

သက်ကြီးရွယ်အိုစာရင်းများ ကောက်ယူခြင်းကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲနှင့် ဆက်စပ်မှုရှိမရှိနှင့် စာရင်းများ သိရှိနိုင်ရန် သက်ဆိုင်ရာဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူ ခရီးသွားနေသဖြင့် သတင်းအချက်အလက်များ မရရှိပေ။