ကရင်အမျိုးသားနေ့

ကရင်အမျိုးသားနေ့
by -
ကေအိုင်စီ

ကရင်လူမျိုးတို့သည် ဤတိုင်းပြည်ကို ခရစ်တော်မပေါ်မီ ရ၃၉နှစ်(ဘီစီ ရ၃၉)ကတည်းက ရောက်ရှိလာကြပြီး ဓားမဦးချ နေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်သည်။ ရိုးသား၍ အေးချမ်းစွာနေလိုတတ်သည့် သဘာဝကြောင့် မွန်ပဒေသရာဇ်၊ ဗမာပဒေသရာဇ်တို့၏ တိုက်ခိုက်မှုဖြင့် အေးချမ်းရာအရပ်သို့ အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်လာခဲ့ကြသည်။

(မန်းထိန်ဝင်းစိန်)

ကရင်လူမျိုးတို့သည် ဤတိုင်းပြည်ကို ခရစ်တော်မပေါ်မီ ရ၃၉နှစ်(ဘီစီ ရ၃၉)ကတည်းက ရောက်ရှိလာကြပြီး ဓားမဦးချ နေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်သည်။ ရိုးသား၍ အေးချမ်းစွာနေလိုတတ်သည့် သဘာဝကြောင့် မွန်ပဒေသရာဇ်၊ ဗမာပဒေသရာဇ်တို့၏ တိုက်ခိုက်မှုဖြင့် အေးချမ်းရာအရပ်သို့ အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်လာခဲ့ကြသည်။ တောင်ပေါ်တောင်ခြေ၊ မြေပြန့်နှင့် ပင်လယ်ကမ်းစပ်အထိ ကရင်လူမျိုးများ ပြန့်နှံ့နေထိုင်ကြသည်ကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး ဂျပန်များ ဗမာပြည်အတွင်းသို့ ၀င်ရောက်လာကြသည့်အခါ ဗမာ့တပ်မတော်(BIA)နှင့် ဂျပန်တို့၏ ညှင်းပမ်းနှိပ်စက်မှုများကြောင့် ဂျပန်တော်လှန်ရေးဖြစ်သောအခါ ကရင်လူမျိုးတို့သည် ဂျပန်များအား ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ကရင်လူမျိုးတို့သည် မိမိတို့လူမျိုးလုံခြံုရေးအတွက် တိုင်းပြည်တစ်ခုရှိရန် လိုအပ်ကြောင်း သိလာကြသည်။

ဒုတိယကမ္ဘာစစ်ကြီး စတင်ချိန် အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီနှင့် အမေရိကန်သမ္မတ ရူးစဗက်တို့ ချုပ်ဆိုလိုက်သည့် အတ္တလန္တိတ်စာချုပ် (Atlantic Charter)အရ လူမျိုးတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိစေရမည်ဆိုခြင်းကြောင့် ကရင်လူမျိုးတို့သည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် ကရင်ပြည်တောင်းဆိုရန် ပိုမို မျက်စိပွင့်လာကြသည်။

၎င်းအပြင်

၁။ ၁၉၂၃-၂၅ခုနှစ်တွင် ဒေါက်တာဒါမေဖိုးမင်းသည် အင်္ဂလန်၊ အမေရိကန်နိုင်ငံများသို့ မိမိပိုင် ဆင်ဖြူတစ်စီးဖြင့် လှည့်လည် ပြသရင်း ကရင်လူမျိုးတို့သည် လွတ်လပ်သည့် တိုင်းပြည်တစ်ပြည် ရှိသင့်ကြောင်း၊

၂။ ၁၉၂၈ခုနှစ်တွင် ဒေါက်တာစံစီဖိုးက ဗမာပြည်နှင့် ကရင်လူမျိုးများ (Burma and The Karen)စာအုပ်တွင် ဗမာလူမျိုးများက ကရင်လူမျိုးများအား ဖိနှိပ်ပုံနှင့် တနင်္သာရီတိုင်းကို ကရင်ပြည်အဖြစ် သတ်မှတ်သင့်ကြောင်း၊

၃။ ဒုတိယကမ္ဘာစစ်ကြီးကာလ အိန္ဒိယပြည်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်နောက်ပါသွားသည့် ကရင်စစ်သား (၂၀၀၀)နှင့် ကရင်စစ်ဗိုလ် (၄၀)တို့က ဗမာပြည် ဖက်ဆစ်ရန်က လွတ်မြောက်ပြီး လွတ်လပ်ရေးရသည့်အခါ တနင်္သာရီတိုင်းကို ကရင်ပြည် နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ခြင်း၊

၄။ ၁၉ရာစုမကုန်မီ စမီတန်ဆိုသူ အင်္ဂလိပ်တစ်ဦးက (ဗမာပြည်ရှိ သစ္စာရှိကရင်များ-The Loyal Karen Of Burma) စာအုပ်တွင် ကရင်လူမျိုးများသည် ဗြိတိသျှတို့အပေါ် သစ္စာရှိကြပုံ တိုင်းပြည်ရှိမှ တိုးတက်နိုင်မည့်အကြောင်း ရေးသားထားခြင်းတို့ကြောင့် ကရင်လူမျိုးတို့သည် မိမိတို့လူမျိုး ရှင်သန်တိုးတက်ရေးအတွက် တိုင်းပြည်လိုချင်စိတ်များ ပေါ်လာကြသည်။

(မှတ်ချက်။          ။ အချို့ ဗမာသမိုင်းမှတ်တမ်းတင်သူများက အင်္ဂလိပ်တို့သည် ကရင်လူမျိုးတွေကို မြှောက်ပေးကြောင်း ကရင်လူမျိုးတို့သည် အင်္ဂလိပ်နောက်လိုက်ဖြစ်ခြင်းဟု လွဲမှားစွာ ရေးသားမှတ်တမ်းတင်ကြသည်။ လွတ်လပ်ရေးတိုက်ပွဲကာလက ဗမာနိုင်ငံရေးခေါင်းဆောင်များထဲတွင် လွတ်လပ်ရေးအတွက် အမြင်သုံးမျိုး ပေါ်ပေါက်ခဲ့သည်။

၎င်းအမြင်သုံးမျိုးမှာ -

(၁) ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc)မှ “အင်္ဂလိပ်အခက် ဗမာ့အချက်” ကြွေးကြော်သံဖြင့် ဗမာပြည် လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကို မောင်းထုတ်နိုင်ရေး ဂျပန်နှင့်ပေါင်းရန်

(၂) လွတ်လပ်ရေးအတွက် ဗမာပြည်သူများကိုသာ အားကိုးရန်

(၃) ကမ္ဘာစစ်တွင် အဓိကရန်သူမှာ ဖက်ဆစ်စနစ်ဖြစ်၍ အင်္ဂလိပ်တို့နှင့် ယာယီ မဟာမိတ်ဖွဲ့ရန် ဟူ၍ အယူအဆသုံးမျိုး ပေါ်ခဲ့သည်။

ဆိုဗီယက်သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၀င်လာပြီး အင်္ဂလိပ်တို့နှင့်ပေါင်းကာ ဖက်ဆစ်ဂျပန်များကို တိုက်ခိုက်လာကြသည့် အချိန်ရောက်မှ ဗမာခေါင်းဆောင်များထဲမှ ဂျပန်ကို တော်လှန်တိုက်ခိုက်ရမည် ဆိုသောအမြင် ရှိလာကြသည်။ ကရင်လူမျိုးတို့သည်ကား ဒုတိယကမ္ဘာစစ်ကြီး စတင်ချိန်ကတည်းကပင် ဗမာနိုင်ငံရေးခေါင်းဆောင်များခေါ်လာသည့် ကမ္ဘာ့ရန်သူ ဖက်ဆစ်ဂျပန်နှင့် နှိုင်းစာလျှင် အင်္ဂလိပ်တို့အား ယာယီမဟာမိတ်အဖြစ် ခွဲခြားနိုင်ခဲ့ခြင်းကို ဗမာသမိုင်းပညာရှင်များ နားလည်မှုလွဲမှားရေးသားခြင်းမှာ ၀မ်းနည်းဖွယ်ရာ ဖြစ်ပါသည်။

၁၉၄၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄)ရက်နေ့တွင် ကရင်ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO)မှလည်း ၁။စောသာဒင် ၂။စောဖိုးချစ် ၃။စောဆစ်ဒနီလူနီ ဦးဆောင်သည့် ကရင်မိတ်သဟာယအဖွဲ့ကို အင်္ဂလန်သို့စေလွှတ်၍ ကရင်ပြည်အရေးကို တောင်းဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် မစ္စတာအက်တလီတို့ ချုပ်ဆိုခဲ့သည့် အောင်ဆန်း-အက်တလီ စာချုပ်တွင် ကရင်လူမျိုးများက မိမိတို့အကျိုးအတွက် မပါကြောင်း ခံစားလာကြရသည်။ ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ကရင်လူမျိုးတို့အရေးကို တညီတညွှတ်တည်း လုပ်ဆောင်နိုင်ရန်အတွက် ၁၈၈၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအသင်း(Karen National Association - KNA)၊ ၁၉၄၀ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း(Buddhist Karen National Association-BKNA)၊ ၁၉၄၃ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကရင်ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO)နှင့် ၁၉၄၆ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကရင်လူငယ်အဖွဲ့ချုပ်(Karen Youth Organization-KYO) အဖွဲ့အစည်းလေးခုကိုပေါင်း၍ ကရင်အမျိုးသား အစည်းအရုံး(Karen National Union-KNU)ကို ဖွဲ့စည်းလိုက်ကြသည်။

KNU အစည်းအဝေးသည် အောက်ပါအချက်များကြောင့် အောင်ဆန်း-အက်တလီစာချုပ်ကို သဘောမတူကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

၁။ အင်္ဂလိပ်အစိုးရနှင့် တွေ့ဆုံရာတွင် ကရင်ကိုယ်စားလှယ် မပါ၀င်ခြင်း။

၂။ စာချုပ်ချုပ်ဆိုရာတွင် ကရင်လူမျိုးတို့နှင့် တိုင်ပင်မှုမရှိခြင်း။

၃။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ကရင်လူဦးရေ အလွန်နည်းခြင်း။

၄။ ကရင်ပြည်နှင့် ပတ်သက်သည့်ကိစ္စ မပါ၀င်ခြင်း။

(KNU)၏ ဆုံးဖြတ်ချက်ကို အင်္ဂလိပ်ဝန်ကြီးချုပ်ထံ တင်ပြရန်နှင့် အင်္ဂလိပ်ဝန်ကြီးချုပ်၏ ဖြေကြားချက်ကို ၁၉၄၇ခုနှစ်၊ မတ်လ (၃၀)ရက်နေ့အထိ စောင့်ဆိုင်းရန် တောင်းဆိုချက်ကို လက်ခံခြင်း မရှိပါက -

၁။ အောင်ဆန်း-အက်တလီစာချုပ်ကို ဆန့်ကျင်သွားရန်

၂။ စောဘဦးကြီးအား လက်ရှိ ၀န်ကြီးရာထူးမှ နှုတ်ထွက်ရန်

၃။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ကရင်လူမျိုးများ သပိတ်မှောက်ရန်။

လွှတ်တော်ရွေးကောက်ပွဲတွင် ကရင်လူမျိုးများ ၈%သာ သွားရောက်မဲပေးကြသည်။ KYO အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည့် ၁။မန်းဘခိုင် ၂။မန်းဝင်းမောင် ၃။စောကျော်စိန် ၄။စောအောင်ပ ၅။စောစိန်တင်တို့သည် KNU ဆုံးဖြတ်ချက်ကို လက်မခံဘဲ အစည်းအဝေးခန်းမှ ထွက်သွားကြသည်။ စောဘဦးကြီး နှုတ်ထွက်သွားသော ၀န်ကြီးနေရာတွင် စောစံဖိုးသင်မှ ၀င်ရောက် လက်ခံခဲ့သည်။ KYO ခေါင်းဆောင်များသည်လည်း ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်(Union Karen League - UKL) အမည်ဖြင့် ဖဆပလ လက်ရုံးအဖြစ် KNU ကို တောက်လျှောက် ဆန့်ကျင်လှုပ်ရှားခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဦးနု၏ (ဒီ/ ငြိမ်း)အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်လူထု၏ ထောက်ခံမှု လုံးဝ မရတော့ဘဲ ပါတီကိုပင် ဆက်လက် မထောင်နိုင်တော့အောင် ရပ်ဆိုင်းသွားခဲ့သည်။

၁၉၄၇ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့ KNU အရေးပေါ် အစည်းအဝေးတွင် ဥက္ကဋ္ဌ စောစံဖိုးသင်နေရာ ၌ စောဘဦးကြီးကို ရွေးချယ်ပြီး အမှုဆောင် (၁၄)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။

၁။ ကရင်ပြည်ရရှိရေးသည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်ကြောင်း

၂။ ရွေးကောက်ပွဲဝင်သည့် ကရင်များသည် ကရင်လူထု ကိုယ်စားလှယ် အစစ်အမှန် မဟုတ်ကြောင်း

၃။ စောဘဦးကြီးမှ ၀န်ကြီးရာထူး နှုတ်ထွက်ခြင်းကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း

၄။ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ KNU ၏ လုပ်ငန်းစဉ်များကို ဆက်လက် ဦးဆောင်ရန်နှင့် လူမျိုးစုများအား ဆက်လက်စည်းရုံးသွားရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပြီး KNU၏ အာဘော်ဖြစ်သော “သုဝဏ္ဏတိုင်း” သတင်းစာကိုလည်း ထုတ်ဝေခဲ့သည်။

၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ လွတ်လပ်ရေးရသောအခါ ဖဆပလအစိုးရသည် လွတ်လပ်ရေးကို တိုင်းရင်းသားပေါင်းစုံ စုစည်းမှုအားဖြင့် ရခဲ့ခြင်းကိုပင် အလေးမထားတော့ဘဲ တိုင်းပြည်ကို ပြည်ထောင်စုနှင့် တစ်ပြည်ထောင်စနစ် ရောသမမွှေထားသည့် ပြည်ထောင်စုအတုဖြင့်သာ တိုင်းပြည်ကို အုပ်ချုပ်တော့သည်။ ဖဆပလသည် ကရင်ပြည်တောင်းဆိုမှုကို အရေးမထားရုံမက ကရင်များအား နယ်ချဲ့လက်ကိုင်တုတ်ဟုပင် စွပ်စွဲပြောဆိုခဲ့သည်။

၁၉၄၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် KNUမှ ကရင်ပြည်ပေးရန် ဖဆပလအစိုးရထံ တင်ပြခဲ့ရာ ဖဆပလမှ ငြင်းပယ်ခဲ့သဖြင့် KNUမှ ဦးဆောင်ပြီး ဗမာပြည်အနှံ့ ကရင်လူထုကို စည်းရုံးကာ ၁၉၄၈နှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် ကရင်လူထုဆန္ဒပြပွဲကို ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲတွင် အောက်ပါကြွေးကြော်သံ (၄)ချက်ကို ကိုင်စွဲပြီး ငြိမ်းချမ်းစွာဖြင့် တစ်ပြည်လုံး ကရင်လူထု အင်အား (၄၅၄၁၀၀)ဦး ပါ၀င်ခဲ့သည်။ ဗမာပြည်တွင် အင်အားအကြီးမားဆုံးနှင့် စည်းကမ်းသေဝပ်မှု အများဆုံး ဆန္ဒပြပွဲတစ်ခုလည်း ဖြစ်ခဲ့သည်။

ကြွေးကြော်သံ (၄)ချက်

၁။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ

၂။ ကရင်ပြည် ချက်ချင်းပေး

၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ

၄။ ပြည်တွင်းစစ် အလိုမရှိ

အမှတ်စဉ်(၁) ကြွေးကြော်သံသည် လူမျိုးတိုင်း တန်းတူရေးနှင့် ဒီမိုကရေစီရေး၊ အမှတ်စဉ်(၂) ကြွေးကြော်သံသည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေး၊ အမှတ်စဉ်(၃) ကြွေးကြော်သံသည် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် လူမျိုးစုံ ချစ်ကြည်ရေး၊ အမှတ်စဉ်(၄) ကြွေးကြော်သံသည် အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်း၊ စစ်ဆန့်ကျင်ခြင်းနှင့် ငြိမ်းချမ်းရေး အနှစ်သာရများပင် ဖြစ်သည်။

၁၉ရာစု အမေရိကန်သမ္မတ ၀ီလ်ဆင်၏ ကမ္ဘာ့ငြိမ်းချမ်းရေးအဆို (၁၄)ချက်တွင်လည်း လူမျိုးတိုင်း အချုပ်အခြာ အာဏာပိုင် အမျိုးသားနိုင်ငံ ထူထောင်ခွင့်ရှိခြင်း၊ ၁၉၉၂ခုနှစ်၊ စပိန်နိုင်ငံ မဲဒရစ်မြို ့ သဘောတူညီချက်အရ တိုင်းပြည်တစ်ခုအတွင်း လူမျိုး ပေါင်းစုံ ရောနှောနေထိုင်ပါက သက်ဆိုင်ရာ လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရန် လိုကြောင်း သတ်မှတ်ခဲ့သည့်အပြင် ၁၉၉၈ခု နှစ်တွင် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သော (UNESCO)အစည်းအဝေးမှ (UNESCO DIVISION OF HUMAN RIGHTS, DEMOCRACY AND PEACE) ပဋိဉာဉ်စာတမ်းအရ ကုလသမဂ္ဂဝင်နိုင်ငံများ လိုက်နာရန် ဆုံးဖြတ်ခဲ့သည့် ဆောင်ရွက်ချက်များသည် လည်း ကရင်အမျိုးသားနေ့၏ အနှစ်သာရများနှင့် ထပ်တူထပ်မျှ ဖြစ်သည်။

KNUမှ ဦးဆောင်လိုက်သည့် ဖေဖေါ်ဝါရီလ ၁၁ရက်၊ ကရင်လူထုဆန္ဒပြပွဲကြောင့် ကရင်တစ်မျိုးသားလုံး နိုင် ငံရေးအသိ မျက်စိ ပွင့်လာကြခြင်း၊ အမျိုးသားစည်းလုံးမှုကို ဒီမိုကရေစီစနစ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ခြင်း၊ ကရင်ကို ကမ္ဘာကပါ သိရှိလာစေခြင်း ဖြစ်စေခဲ့သည့်အပြင် အနာဂတ် ပြည်ထောင်စု၏ တည်တံ့ခိုင်မြဲရေးနှင့် တိုးတက်ရေးအတွက် တိုင်းရင်းသားပေါင်းစုံ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို အာမခံနိုင်သည့် ပြည်ထောင်စုစစ်စစ်ဖြစ်ရန်လိုကြောင်း ဦးစွာ မီးမောင်းထိုးပြခဲ့ခြင်းပင် ဖြစ်သည်။

၁၉၅၃ခုနှစ်၊ နိုဝင်ဘာ (၂၃-၂၅)ရက်နေ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ကျင်းပခဲ့သော ကော်သူးလေပြည်လုံး ဆိုင်ရာ ကွန်ဂရက်တွင် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ကို “ကရင်အမျိုးသားနေ့”အဖြစ် သတ်မှတ်ကျင်းပရန် မြစ်ဝ ကျွန်းပေါ် အမှတ်(၁)ခရိုင် ဥက္ကဋ္ဌ မန်းကျော်အေး၏ အဆိုပြုချက်ကို မြစ်ဝကျွန်းပေါ် အမှတ်(၁) တပ်မဟာမှူး ဗိုလ်ချုပ်ကော်ထူး (ခ) ဗိုလ်ချုပ်ကျော်မြဝန်း၏ ထောက်ခံမှုဖြင့် ကန့်ကွက်ရန်မရှိ အတည်ပြုလိုက်ခြင်းဖြင့် ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့သည် ကရင်အမျိုးသားနေ့ ဖြစ်လာခဲ့ပေသည်။