ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့ ရန်ကုန်မြို့တွင် ခုနစ်ကြိမ်မြောက်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် မတ်လ ၁၂ရက် နောက်ပိုင်း တွေ့ဆုံကြမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေး ပြတ်တောက်နေပါက လက်နက်ကိုင် တိုက်ပွဲများမှာ ထိန်းရန်လွယ်မည် မဟုတ်ဟု NCCTခေါင်းဆောင် နိုင်ဟံသာက ပြောကြားလိုက်သည်။
၎င်းက “UPWC နဲ့ NCCT ကြားမှာ ပြန်ဆွေးနွေးနိုင်ဖို့ ညှိနှိုင်းကြတာပါ။ မတ်လလယ်လောက်မှာ တွေ့မယ်။ သူတို့ပြောပြတဲ့ အထဲက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရေး ပြတ်နေရင် ဖြစ်ရှိနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေက ထိန်းလို့ လွယ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒါကို ဆက်လက် အကောင်အထည်ဖော်သွားဖို့ ဒါမှ တဖြည်းဖြည်း ပြေလည်မှု ရနိုင်မယ်ဆိုတဲ့သဘောထား။ ကျွန်တော်တို့လည်း လက်ခံပါတယ်”ဟု ပြောသည်။
NCCTနှင့် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၂၁ရက် မွန်းလွဲပိုင်း ၁နာရီမှ ညနေ ၄နာရီထိ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မတ်လလယ်တွင် တွေ့ဆုံရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
လာမည့် မတ်လ ၁၂ရက်မှ ၁၆ရက်အကြားတွင် ပြန်လည်တွေ့ဆုံ၍ နှစ်ဖက် တစ်ဆို့နေသည့်အချက်များ ကို ပြန်လည် ညှိနှိုင်းဆွေးနွေးသွားရန် သဘောထားပေးခဲ့သည်ဟုလည်း နိုင်ဟံသာက ပြောသည်။
“သူတို့ တချို့ရှင်းပြတာရှိတယ်။ နောက်ဆွေးနွေးရင်းနဲ့ ပြေလည်နိုင်တဲ့အလားအလာရှိနိုင်တဲ့ သဘောထား အထိုက်အလျှောက်တော့ တွေ့ရပါတယ်”ဟု ၄င်းက ပြောသည်။
ပြီးခဲ့သည့် နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန် ကျန်နေသောအချက်များမှာ လိုင်ဇာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ ထပ်မံ မဖြစ်ပေါ်စေရန် ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ အပစ်အခတ် ရပ်စဲထားစဉ်အတွင်း နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းနှင့် ယင်းကျင့်ဝတ်စည်းကမ်းများ ဖောက်ဖျက်မှုကို တားဆီးရန် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းရန်တို့ ဖြစ်သည်။
NCCT၏ အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလ ၂၇၊ ၂၈နှင့် မတ်လ ၁ရက်များတွင် ကျင်းပပြီးနောက် မတ်လ ၁၂ ရက်နေ့နောက်ပိုင်း ရန်ကုန်မြို့တွင် ခုနစ် ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် သဘောညီမှုရရှိခဲ့ သည်ဟု MPC မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။
၎င်းက “ကျွန်တော်တို့နဲ့ သူတို့ နားလည်မှုရှိတာက အန်စီစီတီရဲ့ အစည်းအဝေးပြီးရင် မတ်လ ၁၂ရက်နေ့ နောက်ပိုင်းကို ရန်ကုန်မှာ ဆွေးနွေးပွဲတွေ လုပ်မယ်။ ဆိုလိုတာက ရက်ချိန်းနှစ်ဖက် ရပြီလို့ ပြောလို့ ရတယ်။ ရက်ချိန်းက အရင်က သေချာမရခဲ့ဘူး။ အခုတော့ သေချာရတယ်။ အန်စီစီတီက သူတို့ ရပ်တည်ချက်၊ သဘောထားတွေ ဝန်ကြီး ဦးအောင်မင်းက ပြန်ပြီး မေးလိုက်စေချင်တာတွေ ကျွန်တော်တို့ကို ပြောပါတယ်”ဟု မဇ္စျိမကို ပြောသည်။
ဖေဖော်ဝါရီ ၅ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် NCCT ကိုယ်စားလှယ်များ တွေ့ဆုံ၍ ဖေဖော်ဝါရီလ ၁၂ရက် နောက်ပိုင်း တစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် သဘောတူ ခဲ့ကြသော်လည်း NCCTဘက်မှ လူမစုံသဖြင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။
MPCဘက်က ပြည်ထောင်စုနေ့တွင် လက်နက်ကိုင်အချို့နှင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ကတိကဝတ် လက်မှတ်ရေးထိုးခဲ့မှုအပေါ် ပြန်လည်ရှင်းပြခဲ့ရာ ၄င်းအပေါ် NCCTဘက်မှ မူအားဖြင့် သဘောတူညီသည်ဟု ပြောဆိုခဲ့သည်ဟု ဦးလှမောင်ရွှေက ပြောသည်။
၎င်းက “သူတို့က ဒီလက်မှတ်ထိုးတာကိုတော့ မူအားဖြင့် သဘောတူတယ်။ သူတို့အနေနဲ့ ထည့်သွင်းစေချင်တဲ့ အချက်တချို့ကို သူတို့ ရှင်းပြတယ်။ သူတို့နဲ့ ဆက်တော့ ဆွေးနွေးရမယ်။ ဒီနေ့ ဆွေးနွေးတာက ခေါင်းဆောင် သုံးဦးတက်တဲ့အတွက် ကျွန်တော်တို့ အားလုံးရှင်းပြနိုင်တယ်။ ဦးအောင်မင်းပေးလိုက်တဲ့အချက်တွေ ကို ပြန်ပြီး ပြောပြနိုင်တယ်။ အရင်တစ်ဆို့နေတဲ့ အပေါ်မှာ ဗိုလ်ချုပ်ဂွမ်မော်မရှိတော့ ဒီမှာ ပြန်ရှင်းပြတာပါဘဲ” ဟု ပြောသည်။
NCCT ဘက်မှ နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လအောင်၊ ဗိုလ်မှူးကြီး ဆင်ဝါ၊ ဦးထွန်းဇော်တို့ ခုနှစ်ဦး တက်ရောက် ဆွေးနွေးခဲ့ပြီး MPC ဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်နိုင်၊ ဦးညိုအုန်းမြင့်တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။