ရှစ်ရက်အတွင်း လောက်ကိုင်ဒေသမှ စစ်ဘေးရှောင်ဒုက္ခသည်များသည် မန္တလေးမြို့သို့ ရောက်ရှိကာ နေရပ်ပြန်သူပေါင်း ၅ဝဝဝ ခန် ့ရှိပြီဖြစ်ကြောင်း မန္တလေးတိုင်း ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ သိရသည်။
ဖေဖော်ဝါရီ ၁၃ မှ ၂ဝရက် နံနက် ၁ဝနာရီအထိ လောင်ကိုင်ဒေသမှ မန္တလေးမြို့ ကျွဲဆည်ကန်ကားဝင်း သို့ ရောက်ရှိလာသူ ၄,၉၇၈ဦးကို နေရပ်ပြန်ရန် ခရီးစဉ်အလိုက်ကားများ စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒုက္ခသည်များမှာ ရမည်းသင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ ပြည်နှင့် တပ်ကုန်းမြို့တို့မှ အများဆုံးဖြစ်ပြီး ၎င်းတို့ နေရပ်ဒေသအသီးသီးသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် မန္တလေးတိုင်း အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကာ မန္တလေးတိုင်း ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ မန္တလေးတိုင်း အဝေးပြေးယာဉ် လုပ်ငန်းများကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ ကုန်တင်ယာဉ်နှင့် ခေါက်တိုယာဉ်များကို ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်း ကော်မတီနှင့် လူမှုရေးအသင်းများတို့မှ မော်တော်ယာဉ်များ စီစဉ်ပို့ဆောင်ခြင်း ဖြစ်သည်။
မော်တော်ယာဉ်များဖြင့်သာမက မီးရထားဖြင့် ပို့ဆောင်ပေးသူ ၄ဝဝကျော်ခန့်ရှိကြောင်းနှင့် နေ့ စဉ် လောင်ကိုင်ဒေသမှ ကားကွင်းအတွင်း ရောက်ရှိလာသူများကို ၁၂ဘီး ယာဉ်ကြီးများ ငှားရမ်းကာ နေရပ်ဒေသအသီးသီးသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း မန္တလေးတိုင်း ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ သိရသည်။
ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် ယာဉ်အသင်းများမှလည်း စျေးနှုန်းများလျော့ချ၍ ပို့ဆောင်ပေးပြီး အဝေးပြေးယာဉ် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ ကားများ၊ လူမှုရေးအသင်းမှ ကားများဖြင့်လည်း ပို့ဆောင်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် စစ်ဖြစ်ပွားလျက်ရှိသောကြောင့် အဆိုပါဒေသတွင်း လုပ်ငန်းလုပ်ကိုင်နေသည့် ပြည်သူများ နေရပ်ပြန်ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အပြင် လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။