ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူပွဲ ကျင်းပရန် လုံလောက်သည့် အချိန်လိုဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆို

ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူပွဲ ကျင်းပရန် လုံလောက်သည့် အချိန်လိုဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆို
by -
မဇ္စျိမ

့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးနိုင်ရေးအတွက် လုံလောက်သည့် အချိန်လိုအပ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဖေဖော်ဝါရီ ၁၈ရက်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

ဦးတင်အေးက ''စနစ်ကျမှု မကျမှု အတွက်ကို အချိန်ယူဖို့လိုတယ်၊ ၂ဝ၁ဝရွေးကောက်ပွဲက လောလော လုပ်လိုက်ရလို့ လိုအပ်ချက်တွေ ရှိခဲ့တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲက အောင်မြင်သွားတဲ့ ရွေးကောက်ပွဲ ကြီးဖြစ်ပြီး အစိုးရသစ် ပေါ်လာတာကိုတော့ ဘယ်သူမှ အသိအမှတ်မပြုဘူး၊ ရွေးကောက်ပွဲကာလမှာ စနစ်မကျတာကိုတော့ ထောက်ကြတယ်'' ဟု ဆိုသည်။

ရွေးကောက်ပွဲကာလနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲပြုလုပ်ချိန် တစ်ထပ်တည်းကျနေပြီး ဝန်ပိနိုင်သဖြင့် ယင်းသို့ မဖြစ်အောင် ပြုလုပ်ပေးရန် ကော်မရှင်က သက်ဆိုင်ရာအဖွဲ့အစည်းများကို ပြောဆိုထားပြီး ဥပဒေ ပြဋ္ဌာန်းချက်ပါပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဟု ၎င်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂ဝ၁၅ခု ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့်သူများစာရင်းကို ပြုစုနေ သည့် အဆင့်တွင်သာ ရှိနေသေးသည်။

ပြည်ထောင်စုလွှတ်တော် နာယကကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကို မေလအတွင်း ကျင်းပသွားရန် ရည်ရွယ်ထားသည်ဟု သတင်းမီဒီယာများကို ပြောကြားထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂၊ ပုဒ်မ ၄၃၆ (ခ) အရ  လွှတ်တော်တွင်း ကိုယ်စားလှယ် ရ၅ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုနှင့် မပြင်ဆင်နိုင်သော လွှတ်တော်တွင်း တပ်မတော်ပါဝင်မှု၊ သယံဇာတ ခွဲဝေမှုတို့ ပါဝင်သည့် ပုဒ်မ ၉၅ခုကို ပြည်သူ့ ဆန္ဒခံယူပွဲများ ကျင်းပပြီးမှသာ ပြင်ဆင်နိုင်ကြောင်း ပြဌာန်း ထားသည်။

ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း  voter education  လုပ်ငန်းများ ဆောင်ရွက်ရသကဲ့သို့ ဥပဒေ ပြင်ဆင်ရေးတွင်လည်း ပြင်ဆင်မယ့် ဥပဒေအပေါ် ပြည်သူများသို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည်ြ့ဖစ်သည့်အတွက် အချိန်ယူဆောင်ရွက်ရမည့် ဖြစ်စဉ်ဖြစ်သည်ဟု ဦးတင်အေးက ဆိုသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က "ကော်မရှင်ကို လွှတ်တော်က ဖွဲ့နိုင်၊ ပြင်နိုင်တာကို သိရင် ပြည်သူ့ဆန္ဒတွေ ခံယူမှာကို အဆင်ပြေဆုံးဖြစ်အောင် လုပ်ပေးရမှာ ကော်မရှင်မှာတာဝန်ရှိ တယ်၊ ရွေ့တာဘာညာလုပ်လို့မရဘူး၊ လွှတ်တော်ကပဲ သတ်မှတ်နိုင်တယ် တစ်အုပ်လုံးကို ပြည်သူ့ ကြိုက် မကြိုက် သိချင်ရင်တော့ အချိန်ယူပြီး လုပ်ကြည့်လိုက် ဒါဆိုသိလိမ့်မယ်" ဟု ဆိုသည်။

ပြည်ထောင်စု လွှတ်တော်သည် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ မကျင်းပမီ ခြောက်လအတွင်း ပြန်လည်ပြင်ဆင်ထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ထွက်ရှိရေးကို ဆန္ဒရှိသည်ဟုလည်း ၄င်းကပြောသည်။

ပြည်ထောင်စု လွှတ်တော်က ပြဌာန်းလိုက်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆိုင်ရာဥပဒေအတွင်း ဆန္ဒခံယူပွဲများ ကျင်းပပြုလုပ်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တာဝန်ပေးအပ်ရမည်ဟု ပါဝင်သည်။ ဖေဖော်ဝါရီ ၁၇ရက်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန် တာဝန်ပေးအပ်ခြင်း မရှိသေးပေ။