ကယားပြည်နယ်အတွင်းတွင် ကလေးသူငယ် အခွင့်အရေးနှင့်ပတ်သက်၍ ပညာသင်ကြားနိုင်ရေး အခွင့်အရေး ဆုံးရှုံးနေကြရသည့် ကလေးများသည် ကျေးလက်ဒေသဘက်များတွင် အများဆုံးတွေ့ရှိရသည်ဟု ဒေသဖွံ့ ဖြိုးရေးကွန်ယက် (LDN)မှ ဆရာမိုးဇက်က ပြောကြားသည်။
“ကျောင်းတက်ဖို့ အခွင့်အရေးမပေးတဲ့ မိဘတွေကြောင့် အချို့ကလေးသူငယ်တွေ တောင်ယာသွား၊ သူတို့ရဲ့ ညီငယ်၊ ညီမငယ်တွေကို ပြန်လည်ထိန်းကျောင်းကြရတယ်” ဟု ပြောသည်။
LDN အဖွဲ့အနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစာရင်းကောက်ရာတွင် ကျောင်းဆက် မတက်နိုင်သည့် ကျောင်းနေအရွယ် ကလေးငယ် အများစုမှာ မိဘများ၏ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြရသည်ကို အများဆုံးမြင်တွေ့ခဲ့ကြရကြောင်း ဆရာမိုးဇက်က ပြောသည်။
ကျောင်းပြင်တွင်ရောက်ရှိနေကြသည့် ကလေးငယ်အများစုကို ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း နယ်စွန်၊ နယ်ဖျားရှိ ရွာများ၊ လိုဘာခိုအုပ်စု၊ ဒေါရောက်ခူ ကျေးရွာအုပ်စု၊ ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရွာသစ်မြို့နယ်ခွဲနှင့် ဖရူဆိုမြို့နယ်တွင်းရှိ ဟိုယာ၊ ကေကော၊ ဒေါလာစော ကျေးရွာအုပ်စုများ တွင် တွေ့ရှိရသည်ဟု သိရသည်။
၂၀၁၄-၂၀၁၅ခုနှစ် ပညာရေးနှစ်တွင် စတုတ္ထတန်း၊ အဌမတန်းနှင့် ဒသမတန်းတို့၏ ပညာရေးစနစ်တွင် အစိုးရစစ် အဖြစ် သတ်မှတ်ထားပြီး အရည်အချင်းမြင့်တင်ရန် ကျောင်းသူ/သားများအား ကျောင်းချိန်ပြင်ပ တွင်လည်း အချိန်ပိုကို အခမဲ့ စာသင်ပေးနေပြီဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် ဒေါခူလီကျေးရွာမှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီထွေးက ပြောသည်။
"အခုဆိုရင်ငွေရေးကြေးရေးနှင့် ပတ်သက်လာရင် ကျောင်းမှာဆိုရင် ဘာမှကို မကောက်ခံတော့တာ မကောက်ခံတဲ့အပြင် ကျောင်းမှာဆို ထောက်ပံ့ကြေးတွေတောင် လစဉ်ရနေသေးတယ်” ဟု ဆရာမ ဒေါ်မီမီထွေးက ပြောသည်။
မိဘပြည်သူများနှင့် ကလေးများသည် ကလေးအခွင့်အရေးကို ကောင်းစွာမသိခြင်း၊ ကလေးများက ကျောင်း တက်ရန် ဆန္ဒမရှိခြင်း၊ မိဘများ၏ စီးပွားရေး အဆင်မပြေခြင်းတို့ကြောင့် ကလေးငယ်များ ကျောင်းပြင်ပ တွင် ရောက်ရှိနေကြရခြင်း ဖြစ်သည်ဟု ဆရာမိုးဇက်က ပြောဆိုသည်။
ရှားတောမြို့နယ်ရှိ ရွေ့ပြောင်းဒုက္ခသည်များပြန်လည်နေထိုင်သည့် ကျေးရွာများတွင်လည်း ပညာသင်ကြားရန် ကျောင်းအဆောက်အုံများနှင့် ကျောင်းသုံးပရိဘောဂများ မရှိသေးသည့်အတွက် ကျောင်း မတက်ရသော ကလေးငယ်များလည်း ရှိသည်ဟု သိရသည်။