လောက်ကိုင်ဒေသ၌ ကြက်ခြေနီနှစ်ဦး ဒဏ်ရာရမှု သတင်းအချက်အလက်ပိုရရန်နှင့် ဒဏ်ရာရသူများကို ကူရန် ကြက်ခြေနီ အသင်းခွဲသွားမည်

လောက်ကိုင်ဒေသ၌ ကြက်ခြေနီနှစ်ဦး ဒဏ်ရာရမှု သတင်းအချက်အလက်ပိုရရန်နှင့် ဒဏ်ရာရသူများကို ကူရန် ကြက်ခြေနီ အသင်းခွဲသွားမည်
by -
မဇ္စျိမ

ကြက်ခြေနီနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ပတ်သက်၍ သတင်းအချက်အလက် ပိုမိုရရှိရန်နှင့် ဒဏ်ရာရရှိသူများကို ကူညီရန် ဟိုဝန်မြို့နယ် ကြက်ခြေနီ အသင်းခွဲက ဖေဖော်ဝါရီလ ၁၈ရက်တွင် လောက်ကိုင်ဒေသတို့ သွားရောက်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာ လုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်က မဇ္စျိမကိုပြောသည်။

လောက်ကိုင်ဒေသမှ စစ်ရှောင်ဒုက္ခသည်များ တင်ဆောင်လာသည့် ယာဉ်တန်းမှ ကြက်ခြေနီအလံ လွှင့်တင်ထားသည့် ယာဉ်တစ်စီး ဖေဖော်ဝါရီလ ၁၇ရက်က တိုက်ခိုက်ခံခဲ့ရပြီး စေတနာ့ဝန်ထမ်း ကြက်ခြေနီနှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

h 51803012-600

ဒေါ်ရွှေစင်မြင့်က “ဟိုဝန်မြို့နယ်က ဒုတပ်ရင်းမှူးနဲ့ စေတနာ့ ၀န်ထမ်းတွေကို လွှတ်ထားတယ်။ သူတို့ သတင်းပို့တာကိုလည်း ဌာနချုပ်ကစောင့်နေပါတယ်။ မနက်ဖြန်ကျရင်လည်း ဌာနချုပ်က ညွှန်မှူး အဆင့်နှစ်ယောက်လောက်ကို စေလွှတ်သွားဖို့ ရှိပါတယ်။”ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စေတနာ့ဝန်ထမ်း ကြက်ခြေနီဝန်ထမ်းနှစ်ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီ ဌာနချုပ်က ဆေးကုသစရိတ်များကို အကုန်အကျခံမည်ဖြစ်ပြီး လိုအပ်သည့် ဆေးပစ္စည်းများနှင့် ကိရိယာများကို ပေးပို့ထားကာ အသက်အန္တရယ် မစိုးရိမ်ရဟု ဆိုသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာ သာလှရွှေက “ တိုက်ပွဲကြောင့် နေရပ်ပြန်သူများကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးနေစဉ်မှာ အခုလို ဒဏ်ရာရရှိကြောင်းသိရတဲ့အတွက် အလွန်ပဲ ၀မ်းနည်းရပါတယ်။ ဒီလို အခတ်အခဲတွေကြားထဲ ကူညီပေးနေတဲ့သူတွေကို လေးစားရမှာဖြစ်ပြီး ပစ်မှတ်အဖြစ် မတိုက်ခိုက်သင့်ပါဘူး”ဟုပြောသည်။

လောက်ကိုင်ဒေသသို့ အညာဒေသမှ သွားရောက် အလုပ်လုပ်ကိုင်ရာမှ စစ်ဖြစ်ပွားမှုကြောင့် နေရပ်ပြန် သည့် နေရပ်ပြန်သူများသည် သယ်ယူပို့ဆောင်သည့် ယာဉ်များမရှိသည့်အတွက် ခြေကျင် ကုန်းကြောင်းဖြင့် ပြင်ဦးလွင်မြို့သို့ရောက်ရှိလာကြသည်။

ပြည်ဦးလွင်မြို့ရှိ ထိခိုက်ဒဏ်ရာရသူများနှင့် နေရပ်ပြန်သူများအတွက် လိုအပ်သည့်သွေးကို ပြည်ဦး လွင်မြို့မှ သွေးလှူရှင် ကြက်ခြေနီများက လှူဒါန်းလျက်ရှိပြီး သွေးလှူရှင်များ ထပ်မံလိုအပ်လာပါက မန္တလေးမြို့မှ ကြက်ခြေနီ စေတနာဝန်ထမ်း သွေးလှူရှင်များကို စေလွှတ်ပေးသွားမည်ဖြစ်သည်ဟုလည်း ဒေါ်ရွှေစင်မြင့်က ဆိုသည်။

“အဲ့ဒီမှာ စစ်ဆေးရုံလည်းရှိတော့ သွေးလိုအပ်ချက်များပါတယ်။  နောက်ပြီးတော့ နေရပ်ပြန်တဲ့လူတွေက ကားမရလို့ လမ်းလျှောက်ပြန်ကြတာကိုး  လမ်းလျောက်ပြန်ရတာ အဝေးကြီးဆိုတော့ ထိခိုက်ဒဏ်ရာရတာတွေ ရှိပါတယ်။ သွေးလှူရှင်မလောက်ဘူး။ ကုန်သလောက်ဖြစ်နေပြီ။ ကျမတို့ သွေးကလည်း လေးလတစ်ခါ လှူရတာဆိုတော့ စုဆောင်းထားတဲ့ သွေးလှူရှင်ကုန်သွားရင် မန္တလေးက သွေးလှူရှင်တွေ ပို့ပေးသွားမှာပါ” ဟု ပြောသည်။

ယင်းအပြင် လောက်ကိုင်မြို့နယ်နှင့် ဟိုဝန်မြို့နယ်တွင် စစ်ရှောင် ဒုက္ခသည်များကို ကူညီနေကြသည့် ကြက်ခြေနီ အသင်းခွဲ အဖွဲ့ဝင်များအတွက် အကာကွယ်ဖြစ်စေမည့် အဝေးမှ ထင်ထင်ရှားရှားမြင့်နိုင်သည့် ကြက်ခြေနီအလံများနှင့် အမှတ်အသားပါ အပေါ်ယံခါးစည်းကို လုံလောက်စွာပေးပို့သွားမည်ဖြစ်သည်။

MNDAA ခေါ် ကိုးကန့် တပ်မတော်သည် ၁၉၈၉ ခုနှစ်က မြန်မာအစိုးရ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး  ၂၀၀၉ ခုနှစ်တွင် ကိုးကန့်တပ်မတော်၏  မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လက်နက်ထုတ်လုပ်မှုကို  ဓါတ်ပုံအထောက်အထားနှင့်တကွ မြန်မာအစိုးရ စစ်တပ်က ထောက်ပြပြောဆိုခဲ့သည်ကို ငြင်းဆိုခဲ့သည်။ ယင်းနောက် စုံစမ်းရန် ရောက်ရှိလာသည့် ရဲဝန်ထမ်း ၁၄ဦးကို ကိုးကန့်တပ်မတော်က သတ်ဖြတ်ပြီးနောက် မြန်မာအစိုးရ စစ်တပ်က မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ၀င်ရောက်ရှာဖွေရာမှ တိုက်ခိုက်ခဲ့သဖြင့် ကိုးကန့်တပ်မတော် ခေါင်းဆောင် ဦးဖုန်းကြားရှင်သည် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီလ ၉ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most read this week