ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမား (၃၃) ဦးတင်ဆောင်လာသည့် လှေ (၃) စီးကို ရနောင်းမြို့တွင် ယမန်နေ့ည (၈) နာရီခန့်တွင် ထိုင်းရဲတို့က ဖမ်းဆီးလိုက်သည်။
အဖမ်းခံရသည့် အလုပ်သမားများသည် အများအားဖြင့် မွန်လူမျိုးများဖြစ်ကြပြီး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှ ဒေသခံများဖြစ်ကြသည်။
“အဖမ်းခံထားရတဲ့ လူ (၃၃) ယောက်ဟာ၊ ရနောင်မြို့က အချုပ်ခန်းမှာ ချုပ်ထားပါတယ်၊ သူတို့ကို ရွေးထုတ်ဖို့အတွက် ဘယ်သူကမှမရှိဘူး၊ သူတို့ကို ခေါ်လာတဲ့ ပွဲစားတွေကလည်း၊ ပေါ်မလာဘူး” ဟု လှေပိုင်ရှင်တစ်ဦးက ပြောသည်။
လွန်ခဲ့သောမေလတွင် ကော့သောင်းနှင့်ရနောင်အကြား လှေမှောက်ပြီး အလုပ်သမား (၁၁) ဦး သေဆုံးပြီးနောက်ပိုင်း၊ ကော့သောင်းမြို့သို့ လှေဖြင့်ဝင်ရောက်လာသည့် လူများကို တင်းကြပ်စွာစစ်ဆေးကာ တနသာင်္ရီတိုင်း နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင် သူများသာလျှင်် ကော့သောင်းသို့ ဝင်ခွင့်ပြုသည်ဟု ကော့သောင်းမြို့ခံ တစ်ဦးက ပြောသည်။
ယမန်နေ့က အဖမ်းခံရသူများသည် ထားဝယ်မြို့မှ ကော့သောင်းမြို့သို့ မော်တော်ကားဖြင့် သွားရောက်ခဲ့သည်။ ကားလမ်းတစ်လျှောက်ရှိ ဂိတ်များကို ဂိတ်ဖြတ်ကြေး အနည်းငယ်ပေးဆောင်ရပြီး ကော့သောင်းဂိတ်ဝင်ကြေးကို တစ်ဦးလျှင် (၅၀၀၀) ကျပ်ဖြင့် ပွဲစားက ပေးရသည်။
လှေမှောက်ပြီးနောက်ပိုင်း၊ ကော့သောင်းလှေဂိတ်တွင် အာဏာပိုင်တို့က စောင့်ဆိုင်းကာ စစ်ဆေးမှုပြုလုပ်နေပြီး တနသာင်္ရီ ဒေသခံတို့မှတစ်ပါး အခြားဒေသမှလာသော နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူများကို လုံးဝဖြတ်သန်းခွင့်မပြုပါ။
လှေမမှောက်ခင်က ဒေသအသီးသီးမှ ကော့သောင်းမြို့သို့ ဝင်ရောက်သူများကို စစ်ဆေးပြီး နားလည်မှုသဘောဖြင့် ငွေကြေးပေးလျှင် အလွယ်တကူဝင်ရောက်နိုင်သော်လည်း ယခုနောက်ပိုင်း ပိုက်ဆံပေးသော်လည်း မရသည့် အနေအထားပင်ဖြစ်သည်။
ကော့သောင်းမြို့သို့ဝင်ရန် လှေလမ်း ပိတ်ပင်ထားသော်လည်း၊ ကားလမ်းဖြင့် ဝင်ရောက်သည်ကို စစ်ဆေးမှု မတင်းကြပ်ကြောင်း အထက်ပါ ကော့သောင်းမြို့ခံဖြစ်သူက ဆက်ပြောသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသူများသည် အများအားဖြင့် ရေးလမ်းဖြင့်သာ သွားကြသည်။ ကားလမ်း အသုံးပြုသူနည်းပါးလျက်ရှိသည်။ အကြောင်းမူကာ လှေဖြင့်သွားလျင် လှေခ (၄၀၀၀၀) ကျပ်ကုန်ကျပြီး၊ တစ်ရက်ခရီးဖြင့် ကော့သောင်းသို့သွားရောက်သည်။ ကားဖြင့်သွားလျင် ပွဲစားမှ တစ်ဦးကို ကျပ် (၈၀၀၀၀) ခန့်အကုန်ကျခံပြီး ခရီးလည်းကြန့်ကြာသည်ဟု ၄င်းက ဆက်ပြောသည်။