UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ် အဓိကဆွေးနွေးမည်

UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ် အဓိကဆွေးနွေးမည်
by -
မဇ္စျိမ

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးပွဲတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ အပါအဝင် ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျင့်သုံးသော နိုင်ငံထူထောင်ရန် နည်းလမ်းများကို အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီ ၁၇ရက်က တော်ဝင်နှင်းဆီတွင် ပြုလုပ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမှာပါ။ အဲ့ဒီအတွက်လည်း ဒီလိုဆွေးနွေးပွဲ ပြုလုပ်တာပါ။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာကြတာပေါ့'' ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

ဆွေးနွေးပွဲတွင် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကျင့်သုံးသော နိုင်ငံထူထောင်ရန် နည်းလမ်းများ၊ တန်းတူညီမျှသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော၊ တရားမျှတသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိစ္စများ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရန်(သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများ၊ ပြည်ထောင်စုအဆင့် ညီလာခံကျင်းပနိုင်ရန် လိုအပ်သောမူဘောင် (အခြေခံများ)၊ အင်အားစုအားလုံးပါဝင်သော ပြည်ထောင်စု အဆင့် ညီလာခံကြီးတစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် မပေါ်ပေါက်မီကာလအတွင်း အကြိုနိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ဆောင်ရွက်မည့် အရေးကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA )က ဗိုလ်မှူးကြီး စိုင်းလှက ''ကျွန်တော်တို့ တာဝန်ရှိတဲ့ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ တင်ပြချက်ဆွေးနွေးချက်တွေကို ညှိနှိုင်းပြီးတော့ အဖြေရှာလို့ရမှာပေါ့။ ကျွန်တော်တို့အဖွဲ့ရဲ့ နိုင်ငံရေးမူဝါဒအတိုင်း ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်။ လုပ်နည်းလုပ်ဟန်ကတော့ အကောင်းဆုံးနည်းလမ်းတွေကို အကောင်အထည်ဖော်နိုင်အောင် အများနဲ့အတူ ညှိနှိုင်းပြီးတော့ ဆွေးနွေးသွားပါမယ်'' ဟု ပြောသည်။

ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ရက်မှ ၁၉ရက်အထိ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လာသော အဖွဲ့အသီးသီး၏ သဘောထားအမြင်များကို ဖတ်ကြားတင်သွင်းကာ အပြန်အလှန်ဆွေးနွေးကြမည် ဖြစ်သည်။

ဆွေးနွေးပွဲကို တက်ရောက်လာသည့် မွန်အမျိုးသားပါတီက နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိသည့် တစ်နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးပွဲ ဆက်လက်ညှိနှိုင်းရန်၊ ယင်းဆွေးနွေးပွဲကို မှေးမှိန်သွားစေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကတိကဝတ်ပြု လက်မှတ်ရေးထိုးခြင်းသည် လက်နက်ကိုင်တိုင်းရင်းသား တော် လှန်ရေးအဖွဲ့အစည်းများ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေသဖြင့် မပြုလုပ်သင့်ကြောင်းနှင့် ပညာရေး ဥပဒေအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်သော ကျောင်းသားသပိတ်အား ထောက်ခံသော သဘောထား ထုတ်ပြန်သင့်သည်ဟု ဖတ်ကြားတင်သွင်းခဲ့သည်။