ဖလမ်းမြို့တွင်စတုတ္တမြောက် CNF စီးပွားရေး ရုံး ဖွင့်လှစ်

ဖလမ်းမြို့တွင်စတုတ္တမြောက် CNF စီးပွားရေး ရုံး ဖွင့်လှစ်
by -
ခိုနူမ်းထုန်

အစိုးရနှင့် ပဏာမ ငြိမ်ချမ်းရေး ရယူထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) သည် ၄င်းတို့၏ စတုတ္တမြောက် စီးပွား ရေးရုံးကို ချင်းပြည်နယ် ဖလမ်းမြို့တွင် ဖေဖေါ်ဝါရီ (၁၇)ရက်နေ့က CNF ဥက္ကဌ ဟောင်း ဒေါက်တာ ဇလှေထန်း နှင့် ချင်းပြည်နယ် ဥပဒေချုပ် ပူးကပ်တျဲာလ်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ရုံးဖွင့်ပွဲ အခမ်းအနားသို့ CNF ဖက်မှ အထွေထွေ အတွင်းရေးမှူး (၃) ပူးခွါအုပ်လျန်၊ ထန်တလန်ဆက်ဆံရေး ရုံး အရာရှိ ပူးအိပ်ချ်စီ ရာလ်နှင်း၊ တီးတိန်ဆက်ဆံရေးရုံးမှ တာဝန်ရှိများ နှင့် ခေါင်းဆောင် များ၊ အစိုးရဖက်မှ ချင်းပြည်နယ် နယ်လုံ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး နှင့် ဌာနဆိုင်ရာ၊ နိုင်ငံရေးပါတီ၊ မြို့မိမြို့ဖ၊ ဘာသာရေးအသင်းအဖွဲ့၊ လူမှုအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိများ စုစုပေါင်း ၅၀ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

DSC08338

ဖွင့်ပွဲအခမ်းအနား၌ CNF ဥက္ကဌ ဒေါက်တာဇလှေထန်းမှ အမှာစကားပြောကြားခဲ့ရာတွင်  ယနေ့ ဖလမ်းမြို့မှာ စီးပွား ရေးရုံး ဖွင့်လှစ်တာဟာ အစိုးရနဲ့ အပစ်အခပ်ရပ်စဲပြီး ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ငြိမ်းချမ်းရေး ဖော်ဆောင်တာနဲ့ တဆက်တည်း ပြည်သူလူထု လိုလား တောင့်တနေတဲ့ စီးပွားရေး ၊ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ဖို့အတွက် ဖြစ်ကြောင်း ထိုသို့လုပ်ဆောင်ရာမှာ အစိုးရနဲ့ လက်တွဲသွားမှာဖြစ်ပြီး လူထုနှင့် ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက အစိုးရနှင့် CNF ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရှင်းလင်းပြီး ပြည်နယ်အဆင့် သဘောတူညီချက် (၇)ချက်နှင့်  ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် သဘောတူညီချက် (၁၆)ချက်ပါအတိုင်း CNF နဲ့ လက်တွဲပြီး ဖော်ဆောင်နေတာဖြစ်ကြောင်း ထိုသို့ဖော်ဆောင်ရာမှ အစိုးရတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူတွေက ပံ့ပိုးကူညီရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပဏာမ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ချင်းပြည်နယ်အစိုးရနှင့် CNF သည် ဒိန်းမတ်အခြေစိုက် DANIDA မှတဆင့် ချင်းပြည်နယ်အတွင်း အထက်တန်းကျောင်းများတွင် ကွန်ပြူတာနှင့် အင်တာနက်တပ်ဆင်ခြင်း၊ ဂျပန် Nippon Foundation မှ ရရှိသည့် ဆန်များကိုဖြန့်ဝေပေးခြင်း၊ လူထုကျန်းမာရေးအတွက် ပ့ံပိုးပစ္စည်းများကို ပြည်သူထံ ဖြန့်ဝေပေးခဲ့သည်။

ထို့အပြင် ၀န်ကြီးက ဖေဖေါ်ဝါရီ(၂၀)ကို ချင်းအမျိုးသားနေ့အဖြစ်လည်းကောင်း၊ ဇန္နဝါရီ(၃)ရက်နေ့ကို ချင်းပြည်နယ်နေ့ အဖြစ်လည်းကောင်း ပြန်လည်သတ်မှတ် ကျင်းပနိုင်သည်မှာလည်း အစိုးရနှင့် CNF၏  ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဖလမ်းမြို့၊ မြို့မိမြို့ဖ ဒုတိယဥက္ကဌ Pu Ca Mangက ” မိမိတို့ ဖလမ်းမြို့မှ စီအဲန်အက်ဖ် စီးပွားရေးရုံး ဖွင့်လှစ်တာကို လှိုက်လှဲစွာကြိုဆိုကြောင်း၊ ဖလမ်းနယ်အတွင်း ကွန်ပြုတာ၊ ဆန်အိတ်၊ ဆိုလာမီးတွေ ဖြန့်ဝေပေးမှု၊ အစိုးရမှ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေ ဆောင်ရွက်ပေး မှုတွေအပေါ် ၀မ်းသာကြောင်း ဒေသခံတွေရဲ့ လူမှုဘဝ တိုးတက်ဖွံ့ဖြိုးဖို့ ဆက်လက်ဆောင်ရွက်ပေး မယ်လို့ မျှော်လင့်ကြောင်း လုပ်ဆောင်ချက်များအပေါ် ဘုရားသခင် ကောင်းချီးပေးစေကြောင်း”  ပြောကြား ခဲ့သည်။

Lucky 7 အဖွဲ့မှ ခေါင်းဆောင်၊ ယခင် မဆလ ကာလက ဖလမ်းမြို့နယ် ပြည်သူ့ကောင်စီ ဥက္ကဌဟောင်း Pu Thang Kim ကလည်း ယခင်က CNFအပေါ် အမြင်လွဲမှားမှုတွေကို သင်ပုန်းချေပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ဒေသဖွံ့ဖြိုးရေးတွေမှာ ပူးပေါင်းပါ၀င်သင့်ကြောင်း၊ စီအဲန်အက်ဖ်ကို သူပုန်အဖြစ် မမြင်သင့်တော့ကြောင်း၊ လူထု အကျိုးစီးပွားအတွက် တော်လှန်ရေးလုပ်နေသူအဖြစ် မြင်သင့်ကြောင်း ပြော ကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို မွန်းလွဲ နှစ်နာရီမှ စတင်ပြီး ညနေ ၅ နာရီတွင် ပူးခွါအုပ်လျန် ကျေးဇူးတင် စကားပြောကြားမှု ဖြင့် အဆုံးသတ်ခဲ့ပြီး CNF မှ ညနေစာဖြင့် တည်ခင်းဧည့်ခဲ့ကြောင်း သိရှိရသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့သစ်၊ ပလက်ဝမြို့၊ မင်းတပ်မြို့ နှင့် ယခု ဖလမ်းမြို့များတွင် စီးပွားရေးရုံး (၄) ခု ကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။