သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဖေဖေါ်ဝါရီ ၉ရက်နေ့မှစ၍ ယနေ့အထိ မြန်မာအစိုးရတပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် လားရှိုးမြို့ဘက်သို့ စစ်ဘေးရှောင်လာသည့် ဒုက္ခသည်များ ၄၀၀၀ကျော်ပြီဖြစ်ကြောင်း လားရှိုးမြို့ မန်ဆူကျောင်းထိုင် ဆရာတော်က မိန့်ကြားတော်မူသည်။
“အခုကောက်ယူထားတဲ့စာရင်းအရ ၄၀၀၀ကျော်သွားပြီ။ နေ့တိုင်းဝင်တယ်။ နေ့တိုင်းထွက် တယ်။ အေးရှားဝေါလ်က ကားတွေ သယ်ယူပို့ဆောင်ပေးတယ်။ အနယ်နယ်အရပ်ရပ်ကဘဲ။ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်လည်း ပါတယ်။ အများဆုံးကတော့ အောက်ပြည်ကလေ။ နေ့တိုင်း ရာဂဏန်း ပြန်တယ် သူတို့နေရပ်ကို။ ဒီနေ့က ကျောင်းမှာရှိနေတာ လေးရာ ကျော်တယ်။ အခု သုံးရာကျော် အသစ် ထပ်ရောက်လာနေပြီ။ ထပ်လာဖို့ ရှိဦးမယ်ထင်တယ်” - ဟု မန်ဆူကျောင်း ဆရာတော်က မိန့်ကြားသည်။
အလားတူ ဒေသခံ သောင်းကျော်လည်း တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။
“အောက်ပြည်က လာတဲ့ အလုပ်သမားတွေ ဒီအချိန်က ကြံခုတ်တဲ့အချိန်လေ။ တချို့လည်း လုပ်အားခ မရသေးဘူး။ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့သူ ဗမာပြည်ကလူ သုံးရာကျော်တယ်။ အခု ဒုက္ခရောက်နေ တာက ဒေသခံ ဗမာစကားမတတ်ဘူး။ တချို့ကလဲ သူပုန်ထင်ခံရပြီး သတ်ခံရတာတွေလလည်း ရှိနေတယ်။ သူပုန်အဖွဲ့ကလည်း အရပ်ဝတ်နဲ့ အစိုးရ တပ်ဖွဲ့တွေကို ခဏ ခဏ လာပစ်နေတာကော်။ ဖုန်ကြားရှင်အဖွဲ့က အစိုးရအဖွဲ့ကို ဆိုင်ကယ်နဲ့ ကားနဲ့ ကြုံတဲ့နည်းနဲ့ တိုက်ခိုက်နေတယ်လေ ” ဟု ချင်းရွှေဟော်ရောက် လောက် ကိုင်ဒေသခံ စိုင်းလျှံလုံက ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်လက်မခံသည့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့အား ၂၀၀၉ ခုနှစ်က မြန်မာစစ် အစိုးရက အင်အားသုံး တိုက်ခိုက်ခဲ့ပြီး ၎င်းဒေသအား အစိုးရ လက်အောက်ခံ ပိုင်ဆုံချိန်အား လွှဲအပ်ပေးခဲ့သည်။
ဖုန်ကြားရှင်ကိုယ်တိုင်လည်း မွေးရပ်မြေမှထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၆နှစ်တာကာလအတွင်း အင်အားပြန်လည်စုစည်းကာ အစိုးရ၏ တပ်မတော်ကို ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။