ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးအောင်ခမ်းထီက ၎င်းနေအိမ်ကိုလာရောက် လည်ပတ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်အား အနာဂတ် သျှမ်းပြည်ခေါင်းဆောင်ဖြစ်လာရန် မိမိအနေဖြင့် မျှော်လင့်ကြောင်း ပြောဆိုလိုက်သည်။
“သျှမ်းခေါင်းဆောင်က ပအိုဝ်းဝတ်စုံဝတ်ပြီး ကျနော်တို့ဒေသကို လာလည်လို့ ကျနော်တို့ ဝမ်းသာပီတိဖြစ် မိပါတယ်။ ဘိုးဘိုး ဦးအောင်ခမ်းထီလည်း တော်တော်လေး ဝမ်းသာတဲ့ပုံဘဲ။ ဦးယွက်စစ်ကို သူပြောတာက အသက်လည်း ငယ် သေးတယ်။ ယဉ်ကျေးပျူငှာ ဆက်ဆံတတ်တယ်။ သျှမ်းပြည်နယ် အရေး၊ ပြည်ထောင်စု အရေး လက်တွဲ လုပ်ဆောင်ရအောင်တဲ့။ နောက်ပြီး အနာဂတ် သျှမ်းပြည်နယ် ခေါင်းဆောင်ဖြစ်လာဖို့လည်း ဘိုးဘိုးက မျှော်လင့်တယ်တဲ့” ဟု ဖေဖေါ်ဝါရီလ(၁၇)ရက် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ခရီးစဉ်တွင် လိုက်ပါခဲ့သည့် ပအိုဝ်းလူငယ် ခွန်ခမ်းက ပြောသည်။
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှ စ၍ ယနေ့ အထိ တောင်ကြီးမြို့ သို့ ရောက်ရှိနေ သည့် RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့သည် ၁၇ရက်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွားရောက် လည် ပတ်ခဲ့ကြောင်း၊ ထို့နောက် ကျောက်တလုံးမြို့ရှိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီ နေအိမ်သို့လည်း ရောက်ရှိစဉ်တွင် ဦးအာင်ခမ်းထီက ထိုသို့ပြောကြာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်အား ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ခွန်စံလွင် ကိုယ်တိုင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း ပအိုဝ်းလူငယ် ခွန်ခမ်း က ပြောသည်။
ဖေဖေါ်ဝါရီ ၁၈ ရက် သီကျစ်၊ ပင်လောင်း ခရီးစဉ်တွင်သော် လည်းေ ကာင်း၊ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့ ပင်လုံ ခရီးစဉ်တွင်လည်းကောင်း RCSS ခေါင်းဆောင်လိုအပ်ချက်များရှိပါက အကူအညီပေးနိုင်ရန် PNO အဖွဲ့လိုက်ပါ ပို့ဆောင်မည်ဖြစ်ကြောင်း RCSS/SSA အတိုင်ပင်ခံ စဝ်ပင်ခမ်းက ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၏ သျှမ်းပြည် ခရီးစဉ်သည် ယခု ဒုတိယ အကြိမ် ခရီးစဉ်ဖြစ်သည်။
ပအိုဝ်းအမျိုးသားတို့တွင် ဦးအောင်ခမ်းထီ ခွန်စံလွင် ဦးဆောင်သည့် ပြည်သူ ့စစ်အသွင်ပြောင်း လက်နက်ကိုင်တပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပါတီ) ဟူ၍ရှိသည်။ ထို့အပြင် ပြည်သူ့စစ် အသွင်မပြောင်းဘဲ ဦးသိန်းစိန်အစိုးရနှင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် ခွန်ဉက္ကာ၊ ခွန်မြင့်ထွန်း၊ ခွန်တီဆောင်နှင့် ခွန်သူရိန်ဦးဆောင်သည့် PNLO အဖွဲ့လည်းရှိသည်။