ကရင်တီးဝိုင်း Growth Music Band အဖွဲ့ခေါင်းဆောင် စောဂျွန်အယ်ခူ့နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခြင်း

ကရင်တီးဝိုင်း Growth Music Band အဖွဲ့ခေါင်းဆောင် စောဂျွန်အယ်ခူ့နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ

ကျနော်တို့ တီးဝိုင်းနာမည် အပြည့်အစုံကတော့ Growth Music Band ဖြစ်ပါတယ်။ ကျနော့်နာမည်ကတော့ စောဂျွန်အယ်ခူ့ ဖြစ်ပါတယ်။ Growth Music Band ကို ကျနော်ကပဲ တည်ထောင်ထားတာဖြစ်တဲ့ အတွက် တီးဝိုင်းခေါင်းဆောင်ရော မန်နေဂျာ ရော ကျနော်ကိုယ်တိုင်ပါပဲ။ နောက်ပြီး ဒီ Band မှာလည်း ကျနော်ကိုယ်တိုင် Lead Guitarကို ပါ၀င်တီးခတ်ပါတယ်။

မေး ။     ။ Growth Music Band ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့ပါလဲ။

ဖြေ ။      ။ ဒီ Growth Music Band လို့ မသတ်မှတ်ခင် ၂၀၀၈ခုနှစ်လောက်မှာ Growth  ဆိုတဲ့နာမည်လေးနဲ့ ကျနော်ကိုယ်တိုင် ပဲ (Home Studio)တစ်ခုလုပ်တယ်။ ကျနော်ကလည်း ဒီ Growth ဆိုတဲ့ စာလုံးလေးကို အရမ်းသဘောကျတယ်။ စိတ်ကူးယဉ် မိခဲ့တာကတော့ တီးဝိုင်းတစ်ခုထောင်နိုင်ရင် ဒီနာမည်လေးပေးမယ်ပေါ့။ အဲဒီတုန်းက Band တစ်ခုအနေနဲ့ အခက်အခဲ အမျိုးမျိုး ကြောင့် အကောင်အထည်မဖော်ဖြစ်ခဲ့ဘူး။ အဲဒီလို ကြိုးစားလာရင်းကနေ Growth Music Band ဆိုပြီးတော့ ၂၀၁၀ခုနှစ်မှာ စတင် တည်ထောင်ဖွဲ့စည်းနိုင်ခဲ့တာပါ။

Growth music band players

Growth စာလုံးကို ကြိုက်တဲ့အပြင်ကို Logo အနေနဲ့က လက်သီးဆုပ်ထားတဲ့ အမှတ်အသားလေးပေါ့နော်။ အဲဒီအဓိပ္ပါယ်လေး က စုစည်းမှု၊ ကျစ်လစ်မှုနဲ့ အားအင်ဖြစ်စေမှုကို အခြေခံပြီးတော့ ဒီလို Logo လေးသုံးဖြစ်ခဲ့ တာပါ။ နောက်ပြီး ကျနော်တို့ Band အဖွဲ့သူအဖွဲ့သားအားလုံးကလည်း ကရင်တွေဖြစ်နေတယ်။ ကျနော်တို့ ကရင်တွေကလည်း ထိုင်း-မြန်မာနယ်စပ်မှာရော ပြည် တွင်းမှာရော ပြည်ပနိုင်ငံအသီးသီးမှာ ရှိနေကြတော့ ကရင်လူမျိုးတွေအားလုံး စည်းလုံးညီညွတ်မှု အားအင်ဖြစ်ဖို့အတွက်ကို ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ ကြားခံတစ်ခုအဖြစ် တစ်ဖက်တစ်လမ်း ကူညီပေးချင်တဲ့အနေနဲ့ ရည်ရွယ်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး ။     ။ အနုပညာ ဖျော်ဖြေမှုအပြင်ကို အခြားလူငယ်ကဏ္ဍ စည်းရုံးအားပေးမှုတွေ ဘာတွေများ လုပ်ဖြစ်ခဲ့ပါသလဲ။

ဖြေ ။      ။ ကျနော်တို့အနေနဲ့က အနုပညာတစ်ခုတည်းမဟုတ်ဘဲ လူငယ်တွေဘက်ကိုလည်း တွဲခေါ်အကူအညီပေးတာတွေ ရှိ တယ်။ ထိုင်း- မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းကျောင်းတွေမှာ ရှိတဲ့ မိဘမဲ့ကလေးတွေရော၊ မိဘရှိရဲ့သားနဲ့ မိဘမဲ့နေသလို ခံစားနေရတဲ့ ကလေးတွေ လေလွင့်နေတဲ့ ကလေးတွေကိုရောပေါ့။ သူတို့တွေရဲ့ စိတ်လေးတွေဟာ အခြားသော ကလေးတွေလို Normal(ပုံမှန်) မဟုတ်ဘဲ ယိုယွင်းနေတဲ့ အပိုင်းလေးတွေရှိတယ်။ အဲဒီကလေးတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ပေးလိုတဲ့အပြင် စိတ်တွေတည်ငြိမ်သွားအောင် အတတ်ပညာ တစ်ခုခုရသွားအောင် Health Without Fronteer-HWF အဖွဲ့နဲ့ ပူးပေါင်းပြီး ၂၀၁၁ကနေစပြီး အပတ်စဉ် စနေနေ့တိုင်း Music သင်တန်းလေးတွေကို ယနေ့အထိ ပေးနေပါတယ်။

အဲဒီမတိုင်ခင် ၂၀၀၈ ခုနှစ်ကလည်း နို့ဖိုးဒုက္ခသည်စခန်းမှာ ဂစ်တာဝါသနာပါတဲ့ ဒုက္ခသည်လူငယ်လေးတွေကို ဂစ်တာသင်တန်း ပို့ချပေးခဲ့တာလည်း ရှိပါတယ်။

မေး ။     ။ Growth Music Band စတင်တည်ထောင်ပြီးကတည်းက ပြည်တွင်းမှာရော ဘယ်လိုပွဲတွေမှာ သွားရောက်တီးခတ် ဖျော်ဖြေပေးရတာများ ရှိပါလဲ။

ဖြေ ။      ။ ကျနော်တို့ စတင်တည်ထောင်ကတည်းကပေါ့။ ထိုင်း-မြန်မာနယ်စပ်ကပွဲတွေမှာ ထိုင်းနိုင်ငံအတွင်း မှာ တီးခတ်ဖျော် ဖြေတာ ရှိတယ်။ ပြည်တွင်းပွဲအနေနဲ့ ပြီးခဲ့တဲ့ ကရင်ပြည်နယ်နေ့ပွဲတုန်းက လည်း ဖြူဖြူကျော်သိန်းတို့၊ ကိုရိန်မိုးတို့ အခြားသော အဆိုတော်တွေ အများကြီးပဲ Growth Music Band အနေနဲ့ သွားရောက်တီးခတ်ဖျော်ဖြေပေးတာရှိတယ်။ နောက်ပြီးတော့ အဆိုတော် ကိုရိန်မိုးနဲ့တွဲဖက်ပြီး ကရင်အခွေ လုပ်ထားတာတွေရှိတယ်။ သူနဲ့ ဒီ Growth Music Band နဲ့လည်း ရှေ့ဆက်ပြီး အလုပ်ဆက်လုပ်သွားဖို့ ရှိပါတယ်။ အခြား ကရင်အဆိုတော်အခွေတွေမှာလည်း ပါ၀င်စီစဉ်ပြီး တီးခတ်ပေးတာတွေရှိပါတယ်။

မေး ။     ။ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ အလယ်ပိုင်းလောက်မှာ Growth Music Band အနေနဲ့ သြစတြေးလျား ကရင်နှစ်သစ်ကူးနဲ့ ကရင်လူငယ်နှီးနှောဖလှယ်ပွဲ ဖျော်ဖြေရေးခရီး သွားရောက်ခဲ့တာမို့ ဒီခရီးစဉ် အခြေအနေလေး ရှင်းပြပေးပါလား။

ဖြေ ။      ။ ကျနော်တို့ Band က စတည်ထောင်တာလည်း သိပ်မကြာသေးဘူး။ ကိုယ့်အားကိုယ်ကိုးပြီးတော့ လုပ်လာရတော့က ပြည်ပဖျော်ဖြေရေးအနေနဲ့ သြစတြေးလျားနိုင်ငံက ပထမဆုံးပွဲပါ။ ထိုင်းနဲ့မြန်မာပြည် ကတော့ အမြဲတမ်း ဖျော်ဖြေနေတော့ သိပ်တော့ မထူးဆန်းဘူးပေါ့။ နောက်ပြီးတော့ အခြားဥရောပနိုင်ငံတွေမှာ သူများဖိတ်ထားလို့ သွားရောက်ဖျော်ဖြေဖို့ ရှိပါသေးတယ်။ သြစတြေးလျားဖျော်ဖြေရေးခရီးစဉ်ကတော့ ဒီဇင်ဘာလ ၁၀ရက်နေ့ကနေ ဇန်နဝါရီလ ၁၀ရက်နေ့အထိ တစ်လတိတိ ကြာမြင့်ပါတယ်။ သြစတြေးလျားနိုင်ငံရဲ့ မြို့တွေဖြစ်တဲ့ Canberra, Melbourne၊  Brisbane, Sydney မြို့တွေကို သွားရောက်ဖျော်ဖြေ ခဲ့ပါတယ်။

အဲဒီမှာ တစ်ချို့မြို့တွေမှာ ကရင်လူဦးရေ အနည်းအများရှိတာတော့ ကွာတာပေါ့။ အဲ့လိုကွာပေမယ့်လည်း တစ်ခုထူးဆန်းတာက ကရင်လူငယ်တွေက ကျောင်းတက်တယ်၊ အလုပ်လုပ်တယ်။ ဒါပေမယ့် ကရင်နှစ်သစ်ကူးနေ့မှာဆို မအားမလပ်တဲ့ကြားထဲကနေ မရောက်ရောက်အောင် ပြန်လာပြီး အယောက်တိုင်း ကရင်အကျႌဝတ်ပြီးတော့ ကရင်နှစ်သစ်ကူးနေ့ကို ဆင်နွှဲတယ်။

ကျနော်သိရတာကတော့ ဒီလူငယ်တွေ နိုင်ငံခြားမှာ ရောက်ရှိအခြေချနေပေမယ့်လည်း ကိုယ့်ကရင်နှစ်သစ်ကို မမေ့လျော့ဘဲ အားတက်သရော ပါ၀င်တက်ရောက်တာတွေ့ရတော့ အများကြီးဝမ်းသာတယ်။ သူတို့လုပ်ပေးနိုင် တဲ့အပိုင်းဆိုရင် အကောင်းဆုံး ကြိုးစားပြီး ကူညီလုပ်ပေးတာတွေ့ရတယ်။ အဲလိုတွေ့ရတော့ ကျနော်ပြောရဲတာက ဒီကရင်လူငယ်တွေ ကိုယ့်မျိုးရိုး၊ ရိုးရာအစဉ် အလာကို လုံးဝ မမေ့သေးဘူးဆိုတာ ကျနော်ကျိန်းသေပြောရဲတယ်။ ကိုယ့်ကရင်လူမျိုးတွေ အများကြီးပဲဆိုတော့ ပီတိလည်း ဖြစ်တယ်။

မေး ။     ။ သြစတြေးလျားဖျော်ဖြေရေးခရီးစဉ်မှာ အဆိုတော်နဲ့တီးခတ်သူတွေ ဘယ်နှစ်ဦး သွားရောက်ဖျော်ဖြေပြီး သူတို့က ဘယ်သူတွေပါလဲ။

ဖြေ ။      ။ ဒီခရီးစဉ်မှာ မြန်မာပြည်ကအဆိုတော်လို့ လူသိများတဲ့ ရိန်မိုး၊ မီးမီးခဲ၊ ကရင်အဆိုတော်မှာကျတော့ ၀ိုင်းရို(Wiro)နဲ့ ဒါးအဲ့ဖိုးပါတယ်။ Growth Music Band အဖွဲ့သားတွေဖြစ်တဲ့ Drum စောဘရိုက်(Saw Bright)၊ Keyboard စောဖိုးခွား၊ Bass Guitar စောလင်းကို၊ Lead Guitar တီးတဲ့ ကျနော် အပါအဝင် အားလုံးပေါင်း (၈)ဦး ပါ၀င်ပါတယ်။

IMG 2821

မေး ။     ။ သြစတြေးလျားဖျော်ဖြေရေးခရီးစဉ်အတွက် ပြင်ဆင်ရမှုတွေနဲ့ အခက်အခဲတွေကို အကျဉ်းချံုးပြီး ရှင်းပြပေးပါလား။

ဖြေ ။      ။ ဒီခရီးစဉ်မစဖြစ်ခင်မှာ သြစတြေးလျားကရင်အသိုင်းအဝိုင်းက ဆရာစောလွင်ဦးနဲ့ စောရှီးထူးရယ်၊ ကျနော်ရယ် ဆုံပြီးတော့ ဆရာစောလွင်ဦးရဲ့ ကမ်းလှမ်းမှုကြောင့် အခုလို သွားရောက်ဖျော်ဖြေဖြစ်သွားတာပါ။ အဲလိုလက်ခံလိုက်ပြီးတဲ့နောက် ဆရာစောလွင်ဦးက လိုအပ်တဲ့ စာရွက်စာရွက်တွေ ပို့လိုက်တာပေါ့။ အဲဒါနဲ့ အဖွဲ့သားတွေဆီ ဖုန်းဆက်ပြော၊ လိုအပ်ရင် ကိုယ်တိုင်သွားရတယ်။ ဗီဇာကိစ္စတွေ၊ စာရွက်စာတမ်းကိစ္စတွေ မပြည့်စုံတဲ့အခါကျတော့ သံရုံးခဏခဏသွားနေရတာပေါ့။ ဒါပေမယ့် အဲလိုအခက်အခဲလေးတွေ နည်းနည်းရှိပေမယ့် အစစရာရာ အားလုံးအဆင်ပြေစွာနဲ့ သွားရောက်ဖျော်ဖြေနိုင်ခဲ့ပါတယ်။

မေး ။     ။ ကိုယ့်အဖွဲ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်မှာ တစ်မြို့ချင်းစီးရဲ့ ပရိသတ် အားပေးတဲ့ အောင်မြင်မှု အတိုင်းအတာ ဘယ် လောက်ထိ ရရှိတယ်ဆိုတာ သုံးသပ်ပြောပြပေးပါလား။

ဖြေ ။      ။ ကျနော်တို့ ပထမဆုံး စတင်တီးခတ်ဖျော်ဖြေရတာက Melbourne မြို့မှာဖြစ်ပါတယ်။ Melbourne ကတော့ ကရင်လူ မျိုး အများဆုံးနေထိုင်တယ်လို့ သိရတယ်။ ကျနော်တို့ပွဲဦးထွက်ဖြစ်တဲ့ Melbourne မြို့ ဖျော်ဖြေမှုကတော့ လူတွေရဲ့ အားပေးမှုက ထင်တာထက် အများကြီးကောင်းတယ်။ သတ်မှတ်ထားတဲ့ ခန်းမပြည့်ရုံမကဘူး။ လူတောင်လျှံတဲ့ အနေအထား အားပေးမှု ဖြစ်ပါတယ်။

မြို့ခံကရင်တွေကလည်း ပြောပြကြတယ်။ အခြားပွဲတွေမှာ လူတွေဒီလောက်အားပေးမှုမရှိဘူး။ အောင်မြင် တယ်ပေါ့။ အဲဒီ အတွက် အများကြီး ၀မ်းသာမိသလို ဒါကလည်း ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ဖြစ်ပါတယ်။ အဆိုတော်တွေကလည်း တစ်မျိုးစီ ကောင်းနေကြတော့ ပရိသတ်အားပေးမှုက ဖျော်ဖြေတဲ့နေရာတိုင်းမှာ သူများထင်ထားတာထက်ကို ပရိသတ်ကများနေတာ ချည်းပါပဲ။ သက်ကြီးရွယ်အိုတွေကအစ လူငယ်တွေပါ လာရောက်အားပေးတယ်။ ပရိသတ်က ပွဲပြီးတာတောင် မပြန်လို့ တောင်းပန်ပြီးတော့ ပြန်ခိုင်းရတယ်။ အဲဒီတော့ ခရီးစဉ်တစ်ခုလုံးအနေနဲ့ပြောရရင် အများကြီး အောင်မြင်မှုရှိတယ်လို့ ပြောလို့ ရပါတယ်။

မေး ။     ။ ဒီသြစတြေးလျားဖျော်ဖြေရေးခရီးစဉ်မှာ ကိုယ့် Music Band အတွက် ဘယ်လို လေ့လာမှုတွေ၊ အကျိုးရှိမှုတွေ ရခဲ့ပါ သလဲ။

ဖြေ ။      ။ အဲဒီမှာကျတော့ တွေ့ရတာ လူတွေက စည်းကမ်းစနစ်တကျနဲ့နေတယ်။ ပြီးတော့ လေ့လာရေးခရီး စဉ်မှာဆိုရင် အဲဒီ နိုင်ငံရဲ့ စစ်သမိုင်းပြတိုက်၊ သူတို့ရဲ့ ပါလီမန် အဆောက်အုံထဲ ၀င်ပြီးတော့ လေ့လာခွင့်ရ တယ်။ လုံခြံုရေးကောင်းပေမယ့် တကယ်ကို လွတ်လွတ်လပ်လပ်နဲ့ လေ့လာခွင့်ရခဲ့တယ်။ အဲဒီတော့ ကိုယ့်နိုင်ငံမှာလည်း တိုးတက်ဖို့ အများကြီးလိုအပ်နေသေးတယ်ဆိုတာ သိလာရတယ်။ အချုပ်အရ ပြောမယ်ဆိုရင်တော့ စည်းကမ်းစနစ်နဲ့ပတ်သက်ပြီး ကျနော်တို့ အများကြီးသိမြင်ခွင့်ရခဲ့တယ်။

မေး ။     ။ နောက်ပိုင်းကော ဘယ်နိုင်ငံတွေမှာ သွားရောက်ဖျော်ဖြေဖို့ အစီအစဉ်တွေ လျာထားပါသလဲ။

ဖြေ ။      ။ အခု လက်ရှိ အစီအစဉ်တစ်ခုကတော့ ၂၀၁၅ ဇူလိုင်လကျရင် အမေရိကားကို သွားရောက်ဖျော်ဖြေပေးဖို့ရှိပါတယ်။ အခု လောလောဆယ်တော့ လိုအပ်မယ့် ဗီဇာကိစ္စတွေ အဆင်ပြေဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။ နောက်ပြီးတော့ သွားတဲ့အခါ ပါ၀င်မယ့် အဆိုတော်တွေပေါ့။ အဲဒါကိုလည်း ညှိနှိုင်းနေတုန်းပဲ ရှိပါသေးတယ်။

မေး ။     ။ ထပ်မံ ဖြည့်စွက်ပြောဆိုချင်တာများရှိရင် ပြောကြားပေးစေချင်ပါတယ်။

ဖြေ ။      ။ ကျနော်တို့ Band နာမည်ဖြစ်တဲ့ Growth ဆိုတာက ကြီးထွားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဥပမာ အပင်တစ်ပင် ကြီး ထွားရှင်သန်ဖို့အတွက်ကို ရေလောင်းပေါင်းသင် မြေသြဇာကျွေးမှ ဒီအပင်က ကောင်းကောင်း ရှင်သန်ကြီးထွားမှာပါ။ တစ် ယောက်တည်း Music ဖန်တီးလို့ရပေမယ့် တစ်ယောက်ထက်စာရင် နှစ်ယောက်၊ နှစ်ယောက်ထက်စာရင် တစ်ဖွဲ့ အဲလိုစည်း စည်းလုံးလုံးနဲ့ဖြစ်မှသာ အောင်မြင်မှုဆိုတာ ရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လက်သီးဆုပ်ထားတဲ့ Logo လေးမြင်ရင် ကျနော် တို့ကို သတိရပေးပါ။ ကျနော်တို့ကရင်လူမျိုးတွေအပြင် အခြားသော တိုင်းရင်းသားလူမျိုးများကလည်း ညီအစ်ကိုတွေပါပဲ။ ဘာသာရေးအလုပ်ဖြစ်စေ၊ လူမှုရေးအလုပ်ဖြစ်စေ Music နဲ့ပတ်သက်တဲ့အလုပ်ဖြစ်စေ ဘယ်အလုပ်မဆို ကျနော်တို့ ပူးပေါင်း ပါ၀င်ချင်ပါတယ်။ ကျနော်တို့ကို အကူအညီအရဖြစ်စေ၊ ပံ့ပိုးမှုဖြစ်စေ ကျနော်တို့ကို ဆက်သွယ်နိုင်ပါတယ်။ ပြည်တွင်း ပြည်ပ ရောက်နေတဲ့ ကရင်လူမျိုးများအတွက် တစ်ခုခု အကူအညီလိုရင် ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ကူညီပံ့ပိုး ပေးသွားပါ့မယ်လို့ ပြောချင်ပါတယ်။

 

Most read this week