လောက်ကိုင်ဒေသ တပ်မတော် နယ်မြေစိုးမိုးမှုရရှိထားဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိပြော

လောက်ကိုင်ဒေသ တပ်မတော် နယ်မြေစိုးမိုးမှုရရှိထားဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိပြော
by -
မဇ္စျိမ

 လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွက် လက်ရှိအချိန်အထိ တပ်မတော်က နယ်မြေစိုးမိုးမှု ရရှိထားပြီး အခြေအနေ ပြန်လည်ထိန်းထားနိုင်ပြီဟု တပ်မတော်ဘက်မှ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတစ်ဦးက မဇ္စျိမကို ပြောသည်။

"လက်ရှိအချိန်အထိ တပ်မတော်က နယ်မြေစိုးမိုးမှု ရရှိထားတယ်။ ပြန်လည်ထိန်းချုပ်ထားနိုင်ပါပြီ၊ တာဝန်ရှိသူတွေက သတင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ အများပြည်သူတွေ သိရှိနိုင်အောင် ထုတ်ပြန်နေပါတယ်" ဟု ၎င်းက ပြောသည်။

ကိုးကန့်ဒေသ တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့အား တပ်မတော်အနေဖြင့် အလျော့ပေးမည်မဟုတ်ဟု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

ယင်းကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်ကို ပါတီအချို့ကလည်း ထောက်ခံအားပေးကြသည်။ အမျိုးသားအင်အားစုများ ဖြစ်သော နိုင်ငံရေးအင်အားစုများ တိုင်းရင်းသားအင်အားစုများနှင့် တပ်မတော်တို့သည် သွေးစည်းညီညွတ်မှုကို တည်ဆောက်ပြီး မြန်မာပြည်တွင်းရေးကို ပုံစံအမျိုးမျိုးဖြင့် ၀င်ရောက်စွက်ဖက်လာသည်ကို  နိုင်ငံရေး စစ်ရေးအရ ပြန်လည်ချေမှုန်းရာတွင် တပ်မတော်နှင့်အတူ ရပ်တည်ကြရန် အမျိုးသားဒီမိုကရေစီ ပါတီသစ်ကလည်း တိုက်တွန်းနှိုးဆော်ထားသည်။

ပြည်ထောင်စုလွှတ်တော်ကလည်း လောက်ကိုင်ဒေသတိုက်ပွဲကိစ္စနှင့် ပတ်သက်ပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်မှုကို ပျက်ပြားစေရန် လုပ်သူများအား ရှုံှု့ချကြောင်း အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၁၆ရက်က ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ဖေဖော်ဝါရီ ၁၇ရက်တွင် လောက်ကိုင်မြို့ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေငြာပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာ အပ်နှင်းကြောင်း သမ္မတအမိန့်ဖြင့် ကြေငြာခဲ့သည်။ ယင်းအပြင် သတင်းထောက်များ ပါဝင်သည့် ကြက်ခြေနီ ယာဉ်တန်းမှာလည်း ထိုနေ့၌ပင် လမ်းတွင် အပစ်ခံခဲ့ရသည်။

ကိုးကန့်တပ်နှင့် ပူးပေါင်းတိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ကမူ တိုင်းရင်းသားဒေသများတွင် အစိုးရတပ်မတော်၏ စစ်အင်အား တိုးချဲ့ကာ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေရပြီး ပြည်တွင်းစစ်မီး တောက်လောင်စေ သည်ဟု ဖေဖော်ဝါရီ ၁၇ရက်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရ စစ်တပ်နှင့် TNLAတို့ နေ့စဉ်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကာ ဖေဖော်ဝါရီလ ၁၆ရက်ကလည်း ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် တာမိုးညှဲမြို့နယ်ခွဲ မှော်ဟန်ကျေးရွာအနီးတွင် တိုက်ပွဲ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု PSLF မှ နိုင်ငံခြားဆက်ဆံရေးဌာန တာဝန်ခံ တာပန်းလှက မဇ္စျိမကို ပြောသည်။

လတ်တလော ကချင်ပြည်နယ်ဘက်တွင်လည်း အစိုးရ စစ်တပ်အင်အားများ ထိုးမြင့်လာခြင်း၊ ပြီးခဲ့သည့် အပတ်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လိုင်ဇာဌာနချုပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုများ ရှိသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်း SSPP/SSAနှင့် RCSS/SSA ဘက်တွင်လည်း အစိုးရ စစ်တပ်များ ရုပ်သိမ်းသွားခြင်း မရှိသဖြင့် ပြည်တွင်းစစ် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။

ကိုးကန့်ဒေသ တိုက်ပွဲများကြောင့် ထိုဒေသနေပြည်သူများမှာ တရုတ်ဘက်အခြမ်းနှင့် လားရှိုး၊ မန္တလေးဘက် အခြမ်းသို့ လူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုဒေသမှ ဒေသခံ စစ်ပြေးဒုက္ခသည်များကို တပ်မတော်က ကားများဖြင့် ခေါ်ဆောင်ကာ လားရှိုးအထိ ပို့ပေးခြင်းဖြစ်ပြီး လားရှိုးမှတစ်ဆင့် လူမှုအဖွဲ့များ၏ အကူအညီဖြင့် မန္တလေးသို့ ရောက်ရှိကာ မန္တလေးတွင် တိုင်းအစိုးရနှင့် လူမှုအဖွဲ့အစည်းများက ရထား၊ ကားများဖြင့် နေရပ်အသီးသီး ပြန်ပို့ပေးနေသည်။ မန္တလေးမှတစ်ဆင့် နေရပ်သို့ ပြန်ပို့နေရသူ ဦးရေသည် ဖေဖော်ဝါရီ ၁၆ရက် ညနေအထိ ကားဖြင့်ပို့ဆောင်ပေးသူ ၃၂၉၉ ဦး ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ရက် နံနက်တွင် ရထားဖြင့် ရန်ကုန်သို့ ၁၈၅ဦး၊ တပ်ကုန်းသို့ ၃ဦး၊ သာစည်သို့ ၈ဦး၊ စုစုပေါင်း ၂၄၉ဦးကို မန္တလေးတိုင်း ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇော်ဝင်းနိုင်က မဇ္စျိမကို ပြောသည်။

Most read this week