ပြည် တက္ကသိုလ် ကျောင်းသားကို သဲကုန်းရဲစခန်းမှ တရားရုံးသို့ ခြေလျင် ရုံးထုတ်

ပြည် တက္ကသိုလ် ကျောင်းသားကို သဲကုန်းရဲစခန်းမှ တရားရုံးသို့ ခြေလျင် ရုံးထုတ်
by -
မဇ္စျိမ

 ပြည်မြို့သို့ ရောက်ရှိလာမည့် ကျောင်းသားသပိတ်ကို ကြိုဆိုရန် ဦးဆောင်ရင်း ပြည်တက္ကသိုလ်ရှေ့တွင် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ (၁၈)ဖြင့် တရားဆွဲဆိုခြင်း ခံထားရသော ပြည်တက္ကသိုလ် အင်္ဂလိပ်စာ ဒုတိယနှစ် ကျောင်းသား မောင်သန့်ဇင်ထက်ကို ဖေဖော်ဝါရီ ၁၇ရက်က သဲကုန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။

ထိုနေ့ နံနက် ၁၀နာရီတွင် သန့်ဇင်ထက်ကို ရဲတပ်ဖွဲ့ဝင် (၆) ဦးက သဲကုန်းမြို့မရဲစခန်းမှ သဲကုန်းမြို့နယ်တရားရုံးသို့ လက်ထိတ်ခတ်လျက် မိုင်ဝက်ခန့် လမ်းလျှောက်ခေါ်ဆောင်လာခဲ့ပြီး နံနက် ၁၁နာရီအချိန်တွင် စစ်ဆေးခဲ့သည်။

Student-Strike-Than-Zin-Htat

“နိုင်ငံရေးပုဒ်မနဲ့ ကျတဲ့လူတွေကို ဒီလိုလမ်းလျှောက်ခေါ်လာတာဟာ နိုင်ငံရေးသမားတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်။ နိုင်ငံရေးဂုဏ်သိက္ခာချမှု တစ်ခုလို့မြင်ပါတယ်” ဟု ကိုသန့်ဇင်ထက်က မဇ္စျိမသို့ပြောသည်။

ကိုသန့်ဇင်ထက်သည် ယခင်၂၀၁၄ခုနှစ်က သဲကုန်းလယ်ယာမြေ ပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သည်ဟုဆိုကာ ပုဒ်မ၅၀၅(ခ) ပုဒ်မ(၁၈)တို့ဖြင့် တရားဆွဲဆို ခံထားရသူဖြစ်သည်။ ဖေဖော်ဝါရီ ၈ရက်တွင် ကျောင်းသားသပိတ်စစ်ကြောင်းကို ပြည်တက္ကသိုလ်ရှေ့တွင် ကြိုဆိုရန် စီစဉ်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ရုံးထုတ်တာဝန်ယူထားသူ ဒုရဲအုပ်တစ်ဦးက “စခန်းမှာ ကားမရှိဘူး။ အကုန်လုံးကို ဒီလိုပဲခြေလျင် ရုံးထုတ်နေကျပါ” ဟု ဆိုသည်။

၎င်းအမှုကို သဲကုန်းမြို့နယ်တရားသူကြီး ဦးကိုကိုနိုင်က ကိုင်တွယ်စစ်ဆေးပြီး ကိုသန့်ဇင်ထက်ဘက်မှ အမှုလိုက်ရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းက လိုက်ပါဆောင်ရွက်သည်။ တရားလိုပြသက်သေများ ဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၂)ဦးကို စစ်ဆေးခဲ့ပြီး အမှုကို ဖေဖော်ဝါရီ ၂၄ရက်တွင် ပြန်လည်ချိန်းဆိုလိုက်သည်။

ကိုသန့်ဇင်ထက်သည် လယ်သမားအရေး ကူညီဆောင်ရွက်သူတစ်ဦးဖြစ်ပြီး ရုံးချိန်းသို့ မန္တလေး၊ နတ်တလင်း၊ ပေါင်းတည်၊ သဲကုန်း မြို့နယ်များမှ လယ်သမားများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ (၁၀၀)ခန့် လာရောက်ဝန်းရံပေးခဲ့သည်။

ရုံးချိန်းစစ်ဆေးပြီးချိန်တွင် လယ်သမားများ၏ တောင်းဆိုမှုကြောင့် ရဲတပ်ဖွဲ့က ကိုသန့်ဇင်ထက်ကို အချုပ်ခန်းပြင်ပတွင် နေ့လည်စာ ထမင်းစားခွင့်ပေးခဲ့သည်။ ထို့အပြင် နေ့လည် ၁နာရီခွဲအချိန်တွင် ဆိုင်ကယ်ဖြင့် သဲကုန်းရဲစခန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။