နေရောင်ခြည်သုံး လျှပ်စစ်မီး(ဆိုလာ) ဝါယာရှော့ဖြစ်ရာမှ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ဝမ့်ဝပ်ကျေးရွာအုပ်စု ကောင်းလန်းကျေးရွာတွင် နေအိမ် ၅လုံး ဖေဖေါ်ဝါရီ ၁၅ရက် မွန်းတည့် ၁၂နာရီ အချိန်က မီးလောင်ပြာကျသွားပြီး ကျပ်ငွေ သိန်းပေါင်းရာချီဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများ ကပြောသည်။
“အဲဒီအဒေါ်က သူ့အိမ်မီးလောင်တာ သူမသိဘူး။ မီးလောင်တယ်လို့ ကျမ တို့ပြောတော့ သူက သူ့အိမ်နောက်ဖေး၊ အိမ်တွင်း၊ အိမ်ရှေ့ လိုက်ရှာသေး တယ် မတွေ့ဘူး။ အပေါ်ကို မော့ကြည့် တော့ ခေါင်မိုး က မီးလောင်နေပြီ။ ဆိုလာပြားကို ဆက်တဲ့ ဝါယာကြိုးက မီးအားများ ပြီးမခံ နိုင်လို့။ မီးထိန်းတဲ့ ကိရိယာလဲ မရှိလို့။ ဆိုလာစနစ်ကို နားမလည်ဘဲ တပ်ဆင် အသုံးပြု ထားတယ်။ နည်းစနစ် လိုအပ်နေတယ်လို့ဘဲ ထင်တယ်” - ဟု ဒေသခံ နန်းခမ်းယိန်း က ပြောသည်။
မီးလောင်မှုကြောင့် ဆိုင်ကယ်နှင့် ဓါတ်ဆီပုံးများ ပေါက်ကွဲကြောင်း၊ အချို့အိမ်တွင် ကျပ်ငွေသိန်း ၅၀-၆၀ခန့် ငွေသားဆုံးရှုံးမှုရှိကြောင်း၊ အိမ်တန်ဖိုးနှင့် အိမ်တွင်းပစ္စည်း ကာလတန်ဖိုး ကျပ်ငွေသိန်းပေါင်း ရာဂဏန်းဆုံးရှုံးကြောင်း သိရှိရသည်။
ဝမ့်ဝပ်ကျေးရွာအုပ်စု ကောင်းလန်းရွာသည် ၂၀၁၄ ဇွန်လမှစ၍ အောက်တိုဘာလဆန်းပိုင်းအထိ သျှမ်းပြည်တပ်မတော် တာ့ဖါဆောင် တပ်စခန်းအား အစိုးရတပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်စဉ် စစ်ဘေးစစ်ဒဏ်ခံရ သည့် ကျေးရွာလည်း ဖြစ်သည်။
ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင်ပင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ ့မြောက်ဘက် မိုင် ၁၀၀ ကျော် ကွာဝေးသည့် မိုင်းယန်းမြို့နယ် မိုင်းပေါက်မြို့ UWSA ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းပေါက်ဈေးနှင့် ဈေးအနီး နေအိမ်အချို့တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် ကာလတန်ဖိုး တရုတ်ယွမ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်ဟု ဈေးအနီးနေထိုင်သည့် ဦးယီ့မိန်းကပြောသည်။
“ကျနော်တို့ မိုင်းပေါက်မှာလဲ မီးလောင်တယ်။ ဈေးတခုလုံးဘဲ။ ဆိုင်ခန်း၊ လူနေ တန်းလျား တွေမီး လောင် တယ်။ ၀ အာဏာပိုင်လဲ မီးလာမကူငြိမ်းပေးနိုင်ဘူး။ မနေ့ကမှ ထောက်ပံ့မှုုတချို့ လာပေးတယ်” ဟု ဒေသခံဦးဆိုင်းနပ်က ပြောသည်။