ရဲဘော်သစ် ဆင့်ခေါ်မှုကြောင့် ဒေသခံရာကျော် နေရပ်မှစွန့်ခွါ

ရဲဘော်သစ် ဆင့်ခေါ်မှုကြောင့် ဒေသခံရာကျော် နေရပ်မှစွန့်ခွါ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် မြို့ပေါ်ရပ်ကွက် အနည်းဆုံး ရခုနှင့် မြို့ပြင် ကျေးရွာအုပ်စုများအား သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော် (RCSS/SSA)မှ တပ်သားသစ် ဆင့်ခေါ်စုဆောင်းမှုကြောင့် ရာနှင့်ချီသော ဒေသခံလူငယ်များသည် လဲချားမြို့၊ တောင်ကြီးမြို့၊ ပင်လုံမြို့နှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေရသည် ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ မြို့ပေါ် ရပ်ကွက် ရခု ဟိုနား၊ ဝမ့်ဖွီး၊ တုံလော ကျေးရွာအုပ်စုတွေမှာ နာမည်စာရင်းက တစ်အုပ်စု ၅၀လောက်ရှိမယ်။ နာမည်စာရင်းပါတဲ့ လူတွေ ဝမ့်ဖွီး ဘုန်းကြီးကျောင်းမှာ RCSS/SSA အမှတ် ၉ ဌာနေ တာဝန်ခံနဲ့ သွားတွေ့တယ်။ တောင်းပန်တယ် မရဘူး၊ နာမည်စာရင်းပါတဲ့ သူအားလုံး စစ်မှုလာထမ်းရမယ်လို့ပဲပြောနေတာ။ မတတ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့သူတွေတော့ လူငှားပြီး လွှတ်တာဘဲ” ဟု မိုင်းကိုင်သား ဦးစိုင်းအိုက်န က ပြောသည်။

ဓါတ်ပုံု - ရဲဘော်သစ်ဆင့်ခေါ်စာ

အမည်မဖေါ်လိုသည့် ဒေသတွင်း ဆရာတော်တပါးက "အမျိုးသားရေးလုပ်ငန်းဆိုတာ အားလုံးက ဝိုင်းလုပ်ရမယ့် တာဝန် ရှိတယ်။ ဝိုင်းလုပ်ချင်စိတ် ရှိလာအောင်လည်း စည်းရုံးရမယ်။ အာဏာသုံးပြီး ဆင့်ခေါ်ရင်တော့ လူကိုသာရပြီး သူ့ရဲ့နှလုံးသားနဲ့ သူ့ရဲ့ နောက်ခံမိသားစုပံ့ပိုးမှု မရရင်တော့ ရည်မှန်းချက်ပန်းတိုင်ဆီကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး။ မေတ္တာတရား ရှေ့ထားပြီးအလုပ်လုပ်ကြစေလိုတယ်’ ဟု မိန့်ကြားတော်မူပါသည်။

အဆိုပါကိစ္စ နှင့်ပတ်သက်၍ မိုင်းကိုင်မြို့နယ် အုပ်ချုပ်ရေး အထောက်အကူပြု ဥက္ကဌ စိုင်းလုံနှင့် အဖွဲ့က သျှမ်းပြည်တပ်မတော် RCSS/SSA ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ပေါင်ခေးနှင့် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးရာ ဗိုလ်မှူးချုပ်ပေါင်ခေးက

“အခုအဓမ္မတပ်သားသစ် စုဆောင်းတယ်ဆိုတာ အထက်အမိန့်မဟုတ်ဘူး။ ကျနော်တို့မှာ အဲဒီလိုပေါ်လစီလဲ မရှိတော့ဘူး။ နားလည်မှု တခုခု လွဲတယ်လို့ဘဲထင်တယ်။ ကျနော်တို့ ကြပ်မတ်စစ်ဆေးပေးသွားပါမယ်” ဟု ပြောကြားခဲ့ကြောင်း ဒေသခံများကပြောသည်။

“အသက် ၁၈နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာတတ်မြောက်ရမည်ဆိုတဲ့ ပေါ်လစီတော့ရှိတယ်။ လိုအပ်ရင် အသုံးပြုဖို့ လပိုင်း စစ်သင်တန်းပေးတာတွေရှိတယ်။ စစ်သင်တန်းပြီးရင် အိမ်ပြန်ပြီး မိဘအလုပ် ပြန်ကူလုပ်ဖို့ ပြန်လွှတ်ပေးတယ်။ စစ်ထဲမှာဘဲ ဆက်နေချင်ရင်လည်း ရတယ်။ ဒါလည်း တွေ့ဆုံစည်းရုံးပြီးမှ ခေါ်လာတာ။ အဓမ္မခေါ်ယူတာမရှိဘူး။ တကယ်လို့ အထက်အမိန့်မရဘဲ စစ်သားကောက်တာတို့ အမိန့်ကျူးလွန်တာတို့ရှိခဲ့ရင် အဲဒီလူ အပြစ်ရှိတယ်။ ခေါ်ယူစစ်ဆေးပြီး ပြစ်ဒဏ်ပေး ရပါလိမ့်မယ်” ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်အား ပြောဖူးသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် အပါအဝင် သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်နှင့် အဖွဲ့သည် ပြည်ထောင်စုနေ့ နှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲတက်ရောက်ပြီး သျှမ်းပြည်တွင်းဒေသခံ လူထုနှင့် တွေ့ဆုံနေပါသည်။

သီးခြား အတည်ပြုချက်မရသေးသည့်သတင်းရ RCSS/SSA ခေါင်းဆောင်သည် တောင်ကြီး ခရိုင်အတွင်း လှည့်လည်ပြီး ရက်ပိုင်းအတွင်း သျှမ်းပြည်တောင်ပိုင်း အလယ်ပိုင်းဘက် ခရီးထွက်ကာ ဒေသခံ လူထုနှင့် တွေ့ဆုံမည်ဟု ဆိုပါသည်။