လောက်ကိုင်တိုက်ပွဲနှင့်ပတ်သက်၍ တိုင်းပြည်တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာကို ပျက်ပြားစေသူများအား လွှတ်တော်ရှုံ့ချ

လောက်ကိုင်တိုက်ပွဲနှင့်ပတ်သက်၍ တိုင်းပြည်တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာကို ပျက်ပြားစေသူများအား လွှတ်တော်ရှုံ့ချ
by -
မဇ္စျိမ

 လောက်ကိုင်ဒေသတွင် အစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)တို့ ဖေဖော်ဝါရီ ၉ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကိစ္စနှင့် ပတ်သက်ပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်မှုကို ပျက်ပြားစေရန် လုပ်သူများအား ရှုံ့ချကြောင်း အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၁၆ရက်က ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းကာ အတည်ပြုခဲ့သည်။

အဆိုရှင် ဦးစတီဖန်က "လောက်ကိုင်နယ်မြေဖြစ်စဉ် ပေါ်ပေါက်လာခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဟန့်အတား အနှောင့်အယှက် တစ်ခုဖြစ်ပါတယ်။ ဒီအဟန့်အတား အနှောက်အယှက်ကို ဖန်တီးတဲ့ အားပေးကူညီတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို ရှုံ့ချကန့်ကွက် သွားရမှာဖြစ်ပြီး၊ ထို အဟန့်အတားများကို ရှင်းလင်းဖယ်ရှား ကာကွယ်တားဆီးနေကြသူများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုရမှာ ဖြစ်ပါတယ်’’ ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

အင်န်အယ်လ်ဒီပါတီ၊ ကျောက်ပန်တောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်တွင် ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေရန် ပြုလုပ်နေကြသည့်၊ အားပေးကူညီနေကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ရှုံ့ချရမည်ဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေး အတွက် ကာကွယ်ရေးအတွက် ကာကွယ်နေသည့် တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများ၊ ပြည်သူများကို ဂုဏ်ပြုရမည်ဖြစ်သည်ဟု ဆိုသည်။

၎င်းက "အခြေခံ ဥပဒေပုဒ်မ(၂၀)မှာ နိုင်ငံတော်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အချာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်ဟာ အဓိက တာဝန်ရှိသည်ဟုလည်းကောင်း၊ ပြဌာန်းပါရှိပါတယ်။ ထို့ကြောင့် ဒီအဆိုကို ထောက်ခံအပ်ပါတယ်’’ ဟု ပြောသည်။

တပ်မတော်သား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သည့်အတွက် ဖုန်းကြားရှင်နှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့သည် လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို ဖြုတ်ချပြီးအာဏာသိမ်း ရန် ဖြစ်ကြောင်းကို တွေ့ရသည်ဟု ဆိုသည်။

၎င်းက "နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်းတစ်ခုကို ထိခိုက်လာခြင်းသည် တပ်မတော်အနေနဲ့ လုံးဝလက်မခံနိုင်ကြောင်းနှင့် လုံးဝလျှော့၍ မရကြောင်း ပြောကြားလိုပါတယ်’’ ဟု ပြောသည်။

ယင်းအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၂ဦး၊ အင်န်အယ်လ်ဒီကိုယ်စားလှယ်တစ်ဦးအပါအဝင် ကိုယ်စားလှယ် ရ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၉ရက်မှ ၁၄ရက်အထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွား ခဲ့ပြီး လောက်ကိုင်ဒေသတွင် နေထိုင်သူများနှင့် ထိုဒေသသို့သွားရောက် အလုပ်လုပ်ကိုင်သူများမှာ လားရှိုးမြို့မှတစ်ဆင့် ၎င်းတို့ နေထိုင်ရာ ဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ မန္တလေးမှတစ်ဆင့် နေရပ်သို့ ပြန်ပို့နေရသူ ဦးရေသည် ဖေဖော်ဝါရီ ၁၆ရက် ညနေ ၆နာရီခွဲအထိ ၃၂၉၉ဦး ရှိဖြစ်ဟု မန္တလေးတိုင်း ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇော်ဝင်းနိုင်က မဇ္စျိမကို ပြောသည်။ အဆိုပါ စစ်ပြေးဒုက္ခသည်များကို ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၏ အကူအညီဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

ဖေဖော်ဝါရီလ ၁၅ရက်ကစ၍ လောက်ကိုင်ဒေသအတွင်း MNDAAတပ်နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း အရပ်သားများအား အစိုးရစစ်တပ် ပစ်ခတ်သေဆုံးသူ ၈၀ခန့် ရှိမည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မဇ္စျိမကို ပြောသည်။

“ဒီနေ့(၁၅ရက်နေ့)တိုက်ပွဲတော့ မဖြစ်ဘူး။ ဒါပေမဲ့ တပ်မ ၃၃က လောက်ကိုင်မြို့မှာ အပြစ်မဲ့ ပြည်သူလူထု ကို သေနတ်နဲ့ပစ်၊ သတ်ဖြတ်နေကြတယ်။ အယောက် ၈၀ လောက်ရှိပြီ။ ကျား၊ မ မရွေး။ အသက်အရွယ်မရွေး လူမြင်ရင် ပစ်တာဘဲ။ ကျွန်တော်နေ့လည်က ရတဲ့သတင်းပါ။ အစိုးရစစ်တပ် ၃၃ ဆိုတာ ယူနီဖောင်းမှာတွေ့နေရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရဘက်ကလည်း တပ်မတော်စစ်ကြောင်းများက လောက်ကိုင်မြို့အတွင်း နယ်မြေရှင်းလင်းရာမှ ဖေဖော်ဝါရီ ၁၅ရက်ထိ လက်နက်ငယ်မျိုးစုံ ၁၀၀လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ၊ လမ်းလျှောက်စကားပြောစက် ၈လုံး၊ လက်ပ်တော့ ကွန်ပျူတာ ၄လုံး၊ မူးယစ်ဆေးဝါးများနှင့် အလောင်း ၁၈လောင်းနှင့် အပြင်းအထန် ဒဏ်ရာရ ၈ဦးတို့ကို ဖမ်းမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီ ၁၄ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဖမ်းမိခဲ့သည့် အပြင်းအထန် ဒဏ်ရာရှိသူ ၈ဦးမှာလည်း ဆေးကုသပေးနေစဉ် သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။