သပိတ်ရပ်/မရပ် အဖြေမထွက်ဘဲ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြီးဆုံး

သပိတ်ရပ်/မရပ် အဖြေမထွက်ဘဲ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြီးဆုံး
by -
မဇ္စျိမ

 အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်ရုံးအတွင်း ဖေဖော်ဝါရီ ၁၄ရက်က တွေ့ဆုံခဲ့သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲသည် ဆွေးနွေးချိန်(၈)နာရီကျော်ကြာမြင့်ခဲ့ပြီး ကျောင်း သားများ တောင်းဆိုသည့် အချက်(၁၁)ချက်ကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ထည့်သွင်းရန် သဘောတူညီမှု ရခဲ့သော်လည်း ကျောင်းသားများ၏ သပိတ်စစ်ကြောင်းများ ရပ်၊ မရပ်ကိုမူ ညှိမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်။

တည်ငြိမ်းအေးချမ်းရေးကို အကြောင်းပြပြီး သပိတ်စစ်ကြောင်းများရပ်ရန် အစိုးရဘက်က တောင်း ဆိုနေပြီး ကျောင်းသားများဘက်ကမူ ၎င်းတို့တောင်းဆိုထားသည့် အချက်များကို လွှတ်တော်တွင် ဥပဒေအဖြစ် ပြဌာန်းပြီးမှသာ သပိတ်စစ်ကြောင်းများကို ရပ်နားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

“ကျွန်မတို့တောင်းဆိုထားတဲ့ အချက်တွေ ဥပဒေအဖြစ် ရလဒ်ထွက်လာတဲ့အထိ သပိတ်တွေရှိနေမှာပါ။ ရည်ရွယ်ချက်အတိုင်း ရန်ကုန်ကို ချီတက်မှာပါ။ ကျွန်မတို့ကျောင်းသားဘက်က ဆူဆူပူပူဖြစ်အောင် ဘယ်တော့မှလုပ်မဟုတ်ပါဘူး” ဟု ကျောင်သားကိုယ်စားလှယ်အဖြစ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်
မဖြိုးဖြိုးအောင်က ပြောသည်။

သပိတ်စစ်ကြောင်းများကို ရန်ကုန်သို့ဝင်ရောက်လာခြင်းမရှိစေရန် ဥပဒေအရ ဆောင်ရွက်သွားမည်ဟုလည်း အစိုးရဘက်က ဖေဖော်ဝါရီ ၁၃ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် ပညာရေးဒု-၀န်ကြီး ဦးသန့်ရှင်းကမူ “သူတို့(ရန်ကုန်)ဝင်လာလို့ လိုတဲ့လူလည်းရှိသလို မလိုတဲ့လူလည်းရှိတယ်။ တစ်ခုခုဖြစ်ခဲ့လို့ရှိရင် ဒီလူစုက ထိန်းနိုင်မှာမဟုတ်ဘူး။ သူတို့ကိုလည်း ဥပမာတစ်ခုပေးခဲ့ပါတယ်။ ဒီဟာက ရေနက်တဲ့ ရေအိုင်ကြီးတစ်ခုဖြစ်တယ်။ ရေကူးချင်တယ်ဆိုပေမယ့် နစ်နိုင်တယ်အခြေအနေရှိတယ်” ဟု ပြောသည်။

ထို့ကြောင့် သပိတ်စစ်ကြောင်းများရပ်၊ မရပ်ကို ညှိမရသည့် အနေအထားဖြင့် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နှင့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) ကိုယ်စားလှယ်များ ပါဝင်သည့် အဆိုပါဆွေးနွေးပွဲအပြီးတွင် ပူးတွဲကြေငြာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သေးသည်။

ယင်းထုတ်ပြန်ချက်တွင် ကျောင်းသားများတောင်းဆိုသည့် ၁၁ချက်ကို အခြေခံပြီး “အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကို အတည်ပြုပေးရန် လာမည့် ဖေဖော်ဝါရီ ၁၆ရက်တွင် ပညာရေးဝန်ကြီးဌာနက လွှတ်တော်သို့တင်ပြသွားမည်ဟု ဆိုသည်။