ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အသက်၁၈နှစ်ပြည့်ပြီးသော ဘင်္ဂလီလူမျိုးများကို ဝှိုက်ကတ်အသစ်များ ထုတ်ပေးနေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မမှန်ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်စိုးက ပြောသည်။
“မဟုတ်ပါဘူး။ ဘာမှထုတ်မပေးပါဘူး။ ကျွန်တော်တို့ မိုးပွင့်အထူးစီမံချက်ကို ကွင်းဆင်းဆောင်ရွက်နေတာ သာ ဖြစ်ပါတယ်”ဟု ဦးခင်စိုးက နိရဥ္စရာသို့ ပြောဆိုသည်။
ဝှိုက်ကတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုလိုက်ခြင်းကို ပယ်ဖျက်ပေးရန် လူထုဆန္ဒထုတ်ဖော်နေ ချိန်တွင် နိုင်ငံတော် သမ္မတရုံးက ၀ိှုက်ကတ်ကိုင်ဆောင်သူများ သက်တမ်းကုန်ဆုံးကြောင်း ကြေညာပြီးနောက် စစ်တွေမြို့နယ်ရှိ အရွယ်ရောက် ၁၈ပြည့်ပြီးသော ဘင်္ဂါလီအချို့အား ဝှိုက်ကတ်များ ထုတ်ပေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
“အဲ့ဒီ သက္ကေပြင်ကျေးရွာ၊ လက်မကျေးရွာတွေမှာရှိတဲ့ အရွယ်ရောက်ပြီးတဲ့ ဘင်္ဂါလီတွေကို ထုတ်ပေးနေ တာလို့ကြားတယ်။ သမ္မတက ဒီလောက် ဝှိုက်ကတ်သက်တမ်းကို ကုန်ဆုံးရက် သတ်မှတ်လိုက်ပေမယ့် အခုလို သတင်းထွက်ပေါ်လာတာက ကျွန်တော်တို့လည်း စဉ်းစားမရဖြစ်နေတယ်”ဟု သူက ပြောသည်။
နိရဥ္စရာက ဘင်္ဂါလီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဝင်းအား ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်း ပြောကြားသည်။
“ဝှိုက်ကတ်ထုတ်ပေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲ့လိုလည်း မကြားပါဘူး”ဟု ဆိုသည်။
ဝှိုက်ကတ်ဟုလူသိများသော ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများအား ပြည်ထောင်စု လွှတ်တော်က မဲပေးခွင့်ပြုလိုက်ပြီးသည့် နောက်ပိုင်းတွင် ပြည်သူတို့အကြား ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတရုံးက ယခုနှစ်၊ မတ်လ ၃၁ရက်နေ့သည် ဝှိုက်ကတ်သက်တမ်း ကုန်ဆုံးရက်အဖြစ် သတ်မှတ်လိုက်သည့် အမိန့်ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် သက်တမ်းကုန်ဆုံးသည့် လက်မှတ်များကို မေလ ၃၁ရက်နေ့ နောက်ဆုံးထားလာရောက် အပ်နှံရန်လည်း ထိုအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
နိုင်ငံတွင်းရှိ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်)ကိုင်ဆောင်ထားသူများကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်ဟုု ဖေဖော်ဝါရီလ ၂ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။
ရှုပ်ထွေးမှုများပေါ်ပေါက်နေချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီအချို့အား ဖေဖေါ်ဝါရီလ ၁ရက်နေ့က စတင်ပြီး ဝှိုက်ကတ်များထုတ်ပေးနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် လူထုအတွင်း စိုးရမ်မှုများ ထွက်ပေါ်နေသည်ဟု သိရသည်။