မူးယစ်မှုဖြင့် ဖမ်းဆီးထားသော ပအိုုဝ့်အမျိုးသမီးအရေး တရားမျှတစွာ ဆောင်ရွက်ပေးရန် ထုုတ်ပြန်

မူးယစ်မှုဖြင့် ဖမ်းဆီးထားသော ပအိုုဝ့်အမျိုးသမီးအရေး တရားမျှတစွာ ဆောင်ရွက်ပေးရန် ထုုတ်ပြန်
by -
ကန္တာရဝတီတိုင်းမ်

မူးယစ်ဆေးဝါးမှုဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်နေထိုင်သူ မမြစိန်ကြည်ကို ဖမ်းဆီးထားမှုအပေါ် တာဝန်ရှိသူများမှ တရားမျှတစွာဆောင်ရွက်ပေးရန် စိန်ပအို့ဝ်အမျိုးသမီးအဖွဲ့ မှ ဖေဖော်ဝါရီလ ၁၂ရက်နေ့က ထုတ်ပြန် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

၂၀၁၄ ဒီဇင်ဘာလ ၁၈ ရက်နေ့က မူးယစ်ဆေးမှုနှင့်ပတ်သက်သော အောင်ကျော်(ခ)မောင်ငဲအား လာရောက်ဖမ်းဆီးစဉ် ထွက်ပြေးတိမ်းရှောင်သောကြောင့် နေအိမ်တွင်ရှိသော ညီမဖြစ်သူ မမြစိန်ကြည်ကို ဖမ်းဆီးထားကာ ဗလာစာရွက် အလွတ်တွင် လက်မှတ်ထိုးစေခဲ့ကြောင်း ဖော်ပြထားသည်။

 “လူ့အခွင့်ရေး ချိုးဖောက်တာတွေကို လက်မခံနိုင်ဘူး။ အမျိုးသမီးတွေအပေါ် ဖိနှိပ်တာတွေမလိုချင်ဘူး။ ဒီကိစ္စ သက်သေတွေနဲ့ အမှန်တရားပေါ်ပေါက်အောင် အမတို့လည်း လုပ်သွားမယ် ကောင်မလေးရဲ့ ဂုဏ်သိက္ခာ ပြန်မြင့်တင် ပေးဖို့လိုတယ် ” ဟု စိန်ပအို့ဝ် အမျိုးသမီးအဖွဲ့မှ တာဝန်ခံ မစန္ဒဝင်းကပြောသည်။

မမြစိန်ကြည်၏ ဓါတ်ပုံအား ၆၃ နှစ်မြောက်ကယားပြည်နယ်နေ့က ပြည်နယ်ရဲတပ်ဖွဲ့ ပြခန်းတွင် မူးယစ်တရားခံအဖြစ် ဖမ်းမိသော ဆေးဝါးနှင့်တကွ ပူးတွဲဖော်ပြထားကြောင်းလည်း သိရသည်။

မမြစိန်ကြည်၏ အမှုတွဲကို တရားရုံးသို့ ၂၀၁၅၊ ဇန်နဝါရီ(၁၆)ရက်နေ့မှ ရုံးတင်ခဲ့ပြီး ယခုလို တရားရုံးမှ ဆုံးဖြတ်ချက် တစုံတရာမပါသေးဘဲ တရားခံအဖြစ် စွပ်စွဲဖော်ပြထားကြောင်း ထုတ်ပြန်ကြေညာချက် တွင် တွေ့ရသည်။

ယင်းလုပ်ရပ်မှာ လူ့ဂုဏ်သိက္ခာကို ညိုးနွမ်းစေကြောင်းနှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ထားသဖြင့် စိန်ပအို့ဝ်အမျိုးသမီးအဖွဲ့မှ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။

၎င်းအမှုနှင့် ပတ်သက််၍ ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကန္တာရဝတီတိုင်း(မ်)မှ လွိုင်ကော်မူးယစ်တပ်ဖွဲ့စုထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားမည့်တာဝန်ခံမရှိသည့်အတွက် မေးမြန်းခွင့်မရရှိခဲ့ပါ။

မမြစိန်ကြည်မှာ၂၀၀၆ခုနှစ်တွင် သိပ္ပံဘွဲ့ဖြင့်ကျောင်းပြီးခဲ့ပြီး စိန်ပအိုဝ့်အမျိုးသမီးလူမှုအဖွဲ့မှ ဒုတာဝန်ခံအဖြစ် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ တဦးဖြစ်ကြောင်း သိရသည်။