RCSS နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ ငြိမ်းချမ်းရေးဆိုင်ရာကတိပြုလက်မှတ်ထိုး

RCSS နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ ငြိမ်းချမ်းရေးဆိုင်ရာကတိပြုလက်မှတ်ထိုး
by -
သျှမ်းသံတော်ဆင့်

သမ္မတဦးသိန်းစိန်ဖိတ်ကြားချက်အရ နေပြည်တော်တွင် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်နေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်များအနက် ကရင်လက်နက်ကိုင်တပ် ဖွဲ့များနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့က အခမ်းအနားပြီးဆုံးပြီးချိန်တွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေး ပွဲတွင် သမ္မတ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက်ကို လက်မှတ်ရေးထိုးလိုက်သည်။

ဖေဖေါ်ဝါရီ ၁၂ရက်တွင်  ပြည်ထောင်စုနေ့ အခမ်းအနား ချီတက်ပွဲအပြီး နံနက် ၁၀ နာရီမှ မွန်းလွဲ ပိုင်းအထိ ကျင်းပသည့် ထို ဆွေးနွေးပွဲတွင် RCSS/SSA ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့၏ ခေါင်းဆောင် ကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

RCSS sign ceasefire in Union Day 2015

အစိုးရဘက်ကမူ နိုင်ငံတော် သမ္မတ အပြင် ဒုတိယ သမ္မတများ၊ ပြည်ထောင်စုလွှတ်တော် ဉက္ကဌ သူရဦးရွှေမန်းနှင့် တပ်မတော် ကို်ယ်စားလှယ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီမှ ပုဂ္ဂိုလ်များ အပါအဝင် ကျားဖြူပါတီ ဉက္ကဌ သျှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းအပြင် တိုင်းရင်းသားရေးရာဝန်ကြီးအချို့လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

“အမြဲတမ်း ဖွင့်ပေးထားတယ်။ ထိုးချင်တဲ့အချိန် လက်မှတ်လာထိုးနိုင်ဖို့ပေါ့” ဟု အစိုးရဘက်ကလည်း ဖွင့်ထားပေးကြောင်း လက်မှတ်မထိုးလိုသေးသည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အရာရှိကြီးတဦးက ပြောသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်တွင် အချက် ၅ ချက်ပါရှိသည်။ ၎င်းတို့မှာ ဒို့တာဝန်အရေးသုံးပါးအတွက် ရှေးရှုလျက် နိုင်ငံရေးဆွေးနွေးပွဲရလဒ်နှင့်အညီ ပြည်ထောင်စုတည်ဆောက်ရန်၊ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲနိုင်ရန်၊ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်၍ နိုင်ငံရေးဆွေးနွေးပွဲ အလျင်အမြန် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ် ကာလအတွင်း ငြိမ်းချမ်းရေးထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် စသည်တို့ပါရှိပါသည်။