ဝှိုက်ကတ် ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်း ရှိ/မရှိ ခုံရုံးသို့ မေးမြန်းထားဟု လွှတ်တော်နာယက သူရဦးရွှေမန်းပြော

ဝှိုက်ကတ် ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်း ရှိ/မရှိ ခုံရုံးသို့ မေးမြန်းထားဟု လွှတ်တော်နာယက သူရဦးရွှေမန်းပြော
by -
မဇ္စျိမ

ဝှိုက်ကတ် (ယာယီသက်သေခံ လက်မှတ်) ကိုင်ဆောင်ထားသူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့်ကိစ္စကို ၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ ပြည်ထောင်စု လွှတ်တော်နာယကမှ လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံခုံရုံးကို ဖေဖေါ်ဝါရီ ၁၂ရက်နေ့က ပေးပို့ထားသည်ဟု နာယက သူရဦးရွှေမန်းက ပြောသည်။

''ဝိုက်ကတ်နဲ့ ပတ်သက်ပြီးတော့ မိမိမှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ဆောင်ရွက်ခြင်းဖြစ်တယ်'' ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယခုလ ၁၂ရက်နေ့ သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

U-Shwe-Man-s

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေသည် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးပြီး အတည်ပြုထားသည့်အတွက် ဥပဒေကို ပြင်ဆင်လိုလျှင် သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်းက ပြင်ဆင်ရန် အဆိုပြုတင်ပြလာလျှင် ပြည်ထောင်စု လွှတ်တော်က ပြန်လည်သုံးသပ်၍ ဥပဒေပြဋ္ဌာန်းပေးသွားမည်ဟု နာယကကြီးက ဆက်ပြောသည်။

ယာယီလက်မှတ် ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့် ရှိသူများအဖြစ် ပြည်ထောင်စု လွှတ်တော်က အတည်ပြု သတ်မှတ်ပြဋ္ဌာန်းခြင်းသည် တည်ဆဲဥပဒေအချို့ အပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆက်စပ်လျက်ရှိသည်ဟု ယူဆသည့်အတွက် ပေးပို့ခြင်းဖြစ်သည်ဟု ဆိုသည်။

''ဝှိုက်ကတ်ကိစ္စကို အမျိုးသားပညာရေး ဥပဒေကြမ်းထက် ပိုမိုစိတ်ဝင်စားပါတယ်။ ဒါကြောင့်မို့လို့ အများပြည်သူ သံသယတွေ မဖြစ်ပေါ်လာအောင် ပြည်ထောင်စုလွှတ်တော် နာယကအနေနဲ့ ဆောင်ရွက်ထားတာရှိပါတယ်'' ဟု သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေများနှင့်ပတ်သက်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ လူပုဂ္ဂိုလ်အားဖြင့် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီး ချုပ်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌများကသာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို တိုက်ရိုက်မေးပိုင်ခွင့်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံးရုံးကိုပေးပို့ရာတွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသူများကို တည်ဆဲဥပဒေအချို့နှင့် ဆက်စပ်မှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ သဘောထားရယူလိုပါသဖြင့် ပြန်ကြားပေးနိုင် ပါရန် ပေးပို့ခြင်းဖြစ်သည်ဟု ဆိုသည်။

Most read this week