ကျောင်းသားသပိတ်ကိစ္စ မွန်လုံခြုံရေးဝန်ကြီး ပါတီ၂ ခုအား ခေါ်ယူတွေ့ဆုံ

ကျောင်းသားသပိတ်ကိစ္စ မွန်လုံခြုံရေးဝန်ကြီး ပါတီ၂ ခုအား ခေါ်ယူတွေ့ဆုံ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျောင်းသားများဆန္ဒပြမှုနှင့်ပတ်သက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ မွန်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ဖေဖေါ်ဝါရီ ၁၀ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ကြောင်း မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောသည်။

“ကျနော်တို့ပါတီက ၁ ဦးနဲ့ NLD က ၁ ဦး စုစုပေါင်း ၂ ဦးကိုပဲ ခေါ်ယူတွေ့ဆုံတာပါ။ အဓိကကတော့ မော်လ မြိုင်မြို့မှာ ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး မပူးပေါင်း မပါဝင်ဖို့ ပြောတာပါ” ဟု ၎င်းက ပြောသည်။

imna1202001

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး နှင့် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးမှ ကျောင်းသား လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန်အတွက် ခေါ်ယူတွေ့ဆုံခြင်းသာဖြစ်ကြောင်း နိုင်စိုးမြင့်က ဆိုသည်။

“ကျနော်တို့က (ကျောင်းသားသပိတ်) ပူးပေါင်းဆောင်ရွက်တာတွေ မရှိပါဘူး၊ လမ်းပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကို ကျနော်တို့က ရေတိုက် တယ်၊ အားပေးတာပါ” ဟု နိုင်စိုးမြင့်က ဆိုသည်။

မွန်အမျိုးသားပါတီအနေဖြင့် ကျောင်းသားများတောင်းဆိုနေသည့် ဒီမိုကရေစီပညာရေးစနစ်၊ မိခင်ဘာသာ သင်ကြားရေး စသည်တို့ ပါဝင်သည့် အချက် ၁၁ချက်တောင်းဆိုချက်ကို ထောက်ခံကြောင်း ၄င်းကပြောသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက "ပါတီ ၂ ခုကို ခေါ်တွေ့တာ မှန်ပါတယ်၊ အဓိက ကတော့ တည်ငြိမ်ရေးနှင့် ပေါင်းစပ်ရေးအတွက် ခေါ်ယူတဲ့သဘောပါ"ဟု ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သည့် သပိတ်မှောက် ကျောင်းသားများ သည် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် မော်လမြိုင်မြို့ရှိ သာသနာ့ဗိမာန်မှ မော်လမြိုင်တက္ကသိုလ်သို့ ချီတက်ဆန္ဒပြခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖားအောက်ကျေးရွာရှိ နည်းပညာတက္ကသိုလ် (မော်လမြိုင်သို့) ချီတက်ဆန္ဒပြကြသည်၊ ထို့နောက် မွန်ပြည်နယ်အတွင်းရှိ ပေါင်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုတို့မှတဆင့် ရန်ကုန်သို့ ဆက်လက်ချီတက် သွားကြကြောင်း သိရသည်။