ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျံုပကိုနှင့် ထီလုံသစ်တောအတွင်းရှိ သိမ်းဆည်းခံထားရသည့် မြေများ ကို ပြည်နယ်ဝန်ကြီးချုပ်က ဧက ရ၀၀ ပြန်လည်စွန့်လွှတ်ပေးရမည်ဟု ပြောသော်လည်း ဧက ၁၀၀ ကျော်သာ ပြန်စွန့်လွှတ်ပေးသေးသည်ဟု မူလပိုင်ရှင်လယ်သမားများက ပြောသည်။
ယခုလ ဖေဖော်ဝါရီ ၄ရက်နေ့က ကရင်ပြည်နယ်သစ်တောဝန်ကြီးဌာနမှ လှိုင်းဘွဲမြို့နယ် သစ်တောဦးစီမှူး ဦးကျော်သူထွန်းနှင့် အဖွဲ့သားများ၊ လုပ်ငန်းရှင်များသည် လှိုင်းဘွဲမြို့နယ်၊ ကျံုပကိုရွာ အုပ်ချုပ်ရေးမှူးရုံး၌ မြေ အသိမ်းခံထားရသည့် ဒေသခံများအား တွေ့ဆုံဆွေးနွေးပြီး မြေဧက ၁၀၀ကျော်သာ ပြန်စွန့်လွှတ်ပေးမည် ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိစ္စအပေါ် ဒေသခံတစ်ဦးဖြစ်သူ စောရန်နိုင်မင်းက “အမှန်က အဲ့ဒီမြေမှာ လုပ်ကိုင်လာတဲ့ ဒေသခံ ပိုင်ရှင်တွေက ၅၈ ဦးရှိတယ်။ ပြည်နယ်ဝန်ကြီးချုပ်ပြောတဲ့အတိုင်းဆိုရင် ဒေသခံတွေအတွက် ပြည့်တယ်။ အခုက ဧကပေါင်း တစ်ရာကျော်ပဲ ပြန်ပေးတော့ ဒေသခံတွေက ဘယ်ကျေနပ်နိုင်မလဲ။ ကျန်တဲ့ဧက ငါးရာကျော်မှာတော့ လုပ်ငန်းရှင်တွေကိုပဲ ထပ်ပြန်ပေးတဲ့ သဘောဖြစ်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြန်စွန့်လွှတ်ပေးသည့် အဆိုပါ မြေများတွင် လုပ်ပိုင်ခွင့်ရရှိရန် လျှောက်လွှာကြေး အဖြစ် ပြည်နယ် အစိုးရအား ကျပ်ငွေ ၅သောင်း ပေးဆောင်ရဦးမည်ဖြစ်သည့်အတွက် ဒေသခံများအတွက် အခက်အခဲဖြစ်ကြောင်း စောရန်နိုင်မင်းက ဆက်ပြောသည်။
ထိုသို့ ပြန်စွန့်လွှတ်မြေ ဧက ၁၀၀ကျော်သာရှိသည့်အပေါ် ဒေသခံ မူလပိုင်ရှင် ၅၈ဦးအတွက် အလွန်နည်းပါး သလို လုပ်ကိုင်ရန်လည်း အခက်အခဲရှိသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးစေ လိုကြောင်းနှင့် မဖြေရှင်းပေးပါက ပြည်နယ်ဝန်ကြီးချုပ်အပြင် ပြည်ထောင်စု အဆင့်အထိ စာရေးတင်ပြသွား မည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်သစ်တောဝန်ကြီး စောဆာလောလက ပြန်စွန့်လွှတ်မြေ များကို ဒေသခံများအတွက် လုပ်ကိုင်ခွင့်ကို ဇန်နဝါရီက ထုတ်ပေးနေပြီး ယခုလက်ရှိတွင် လုပ်ကိုင်ခွင့် စုစုပေါင်း ဧက ၃၀၀ခန့် ရှိသည်ဟု ကေအိုင်စီသို့ ပြောသည်။
“ဒေသခံများအတွက် လုပ်ပိုင်ခွင့် ဂရမ်ထုတ်ပေးနေပါပြီ။ တစ်ဧကကို ၅၀၀ကျပ်နဲ့ အခွန်ကောက် တယ်။ လောလောဆယ်မှာတော့ လုပ်ကိုင်ခွင့်ကို ဧက ၃၀၀ ထုတ်ပေးလိုက်ပြီဖြစ်တယ်။ ကျန်ရှိနေသေး တဲ့ ဒေသခံတွေလည်း လုပ်ကိုင်ခွင့် လာလျှောက်ဦးမယ်ဆိုရင်လည်း ထုတ်ပေးဦးမယ်”ဟု ကေအိုင်စီသို့ ပြော သည်။
ကျံုပကိုနှင့် ထီလုံသစ်တောအတွင်းတွင် ဒေသခံများက မျိုးရိုးအစဉ်အဆက်မှ လယ်ယာများနှင့် အခြားသီးနှံပင်များ စိုက်ပျိုးလုပ်ကိုင်ကြပြီး ၂၀၁၀ခုနှစ်နောက်ပိုင်း ပြည်နယ်အစိုးရက အခြားလုပ်ငန်းရှင်များ အား လုပ်ကိုင်ခွင့်ပေးသဖြင့် ဒေသခံများ၏ လယ်ယာမြေ၊ ဥယျာဉ်ခြံများ အသိမ်းခံရခြင်းဖြစ်သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက ကျံုပကိုနှင့် ထီလုံသစ်တောအတွင်းရှိ ဒေသခံများ၏ မြေနေရာများကို သက်ဆိုင်ရာဒေသခံများအား တစ်ဦးချင်းစီအလိုက် ပြန်လည်စွန့်လွှတ်ပေးရန် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့၌ သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားသည်ဟု သိရသည်။